လွန်ခဲ့သည့် ၁၉ နှစ်က မွေးကင်းစကလေး ခိုးယူမွေးစားခဲ့သူကို ထောင် ၁၀ နှစ်ချ

August 16, 2016

လွန်ခဲ့သည့် ၁၉ နှစ်က မွေးကင်းစကလေး ခိုးယူမွေးစားခဲ့သူကို ထောင် ၁၀ နှစ်ချ

တောင်အာဖရိကနိုင်ငံမှာ လွန်ခဲ့တဲ့ ၁၉ နှစ်က မွေးကင်းစကလေးတဦးကို ခိုးယူပြီး သူ့သမီးအရင်းအဖြစ် မွေးစားခဲ့သူ အမျိုးသမီးတဦးကို သြဂုတ် ၁၅ ရက်နေ့က ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။ ဖမ်းဆီးခံရသူဟာ အသက် ၅၁ နှစ်အရွယ် အမျိုးသမီးတဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ သူမွေးစားခဲ့တဲ့ မိန်းကလေးနဲ့ တကျောင်းတည်းတက်တဲ့ မိန်းကလေးတဦးတို့ ရုပ်ချင်းဆင်တူလို့ သံသယဖြစ်ရာက ဖမ်းဆီးခဲ့တာပါ။ အဲဒီနောက် မိန်းကလေး ၂ ဦးကို ဒီအန်အေ စစ်ဆေးကြည့်ရာမှာ ညီအမအရင်းတွေ ဖြစ်နေကြတာ စစ်ဆေးတွေ့ရှိခဲ့တာပါ။ ပြစ်ဒဏ်ချမှတ်ခံရတဲ့ အမျိုးသမီးက သူ့ရဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်ကို မထုတ်ပြန်ဖို့ တောင်းဆိုခဲ့တဲ့အတွက် အာဏာပိုင်တွေက ထုတ်ပြန်ခြင်း မရှိပါဘူး။ ခိုးယူမွေးစားခဲ့သူ အမျိုးသမီးဟာ မိဘအရင်းတွေဆီ ကလေးကို ပြန်ပေးဖို့ တချိန်လုံး အခွင့်အရေး ရခဲ့ပေမယ့် ပြန်မပေးခဲ့ဘူးလို့ တရားသူကြီးက ပြောဆိုပါတယ်။ မိန်းကလေးဟာ သူ့မိဘအရင်းတွေနဲ့ ပတ်သက်ဖို့ ဆန္ဒမရှိဘဲ မွေးစားမိခင်ကိုပဲ မိခင်အရင်းအဖြစ် ယုံကြည်နေတယ်လို့ ဒေသခံသတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။
5 years Ago
Up