လွတ်လပ်ခွင့်ဆု ပေးအပ်

January 13, 2017

သမ္မတ အိုဘားမားက ဒု-သမ္မတ ဂျိုးဘိုက်ဒန်ကို Freedom လွတ်လပ်ခွင့်ဆု ပေးအပ်

မကြာခင် အိမ်ဖြူတော်ကနေ နှုတ်ဆက်ထွက်ခွာတော့မယ့် သမ္မတ အိုဘားမားက သမ္မတကိုယ်တိုင်ပေးအပ်တဲ့ Freedom လွတ်လပ်ခွင့်ဆုကို သူ့ရဲ့ ဒု-သမ္မတအဖြစ် တာဝန်ထမ်းခဲ့သူ ဂျိုးဘိုက်ဒန်ကို ဇန်နဝါရီ ၁၂ ရက်နေ့က ပေးအပ်လိုက်ပါတယ်။ “ကျနော် မိတ်ဆွေတချို့နဲ့အတူ လူတယောက်ကို ဂုဏ်ပြုချင်ပါတယ်။ အဲဒီလူကတော့ အံ့သြစရာကောင်းလှတဲ့ ဒီခရီးတလျှောက်လုံး ကျနော့်ဘေးမှာ တချိန်လုံးရှိနေရုံမကဘဲ ဒီနိုင်ငံကို အလုပ်အကျွေးပြုဖို့အတွက် သူ့ဘဝတလျှောက်လုံး တာဝန်ထမ်းခဲ့သူ၊ အမေရိကန်ပြည်ထောင်စုရဲ့ အကောင်းဆုံး ဒု-သမ္မတ ဂျိုးဘိုက်ဒန်ပဲ ဖြစ်ပါတယ်” လို့ သမ္မတ အိုဘားမားက အစချီ ချီးကျူးခဲ့ပါတယ်။ အဲဒီနောက်ဆက်ပြီး “လုပ်ဖော်ကိုင်ဖက် အမေရိကန်တွေအပေါ် ခင်ဗျားရဲ့ သစ္စာရှိမှု၊ တိုင်းပြည်အပေါ် ခင်ဗျားရဲ့ ချစ်မြတ်နိုးမှု၊ မျိုးဆက်ပေါင်းများစွာကို ဖြတ်သန်းပြီး ခင်ဗျားဘဝတလျှောက်လုံး တာဝန်ထမ်းခဲ့မှုတွေအတွက် သမ္မတတဦးအဖြစ် နောက်ဆုံးအချိန်မှာ အရပ်သားတဦးကိုပေးအပ်တဲ့ တိုင်းပြည်ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ သမ္မတကပေးအပ်သော လွတ်လပ်ခွင့်ဆုကို ဂျိုးကို ချီးမြှင့်လိုက်ပါတယ်” လို့ ကြေညာသွားပါတယ်။ မမျှော်လင့်ဘဲ ဆုရရှိတဲ့အပေါ် ဒု-သမ္မတ ဂျိုးဘိုက်ဒန်အနေနဲ့ အတော့်ကို အံ့သြဝမ်းသာခဲ့ပါတယ်။ “ဒါဟာ ကျနော့်ရဲ့စွမ်းဆောင်မှုကြောင့် ထိုက်တန်တာထက် ပိုလွန်နေပါတယ်။ တကယ်တော့ သမ္မတဟာ ရက်ရောလွန်းပါတယ်။ ကျနော်ဟာ ဒီဆုနဲ့ မထိုက်တန်ပါဘူး။ ဒါပေမယ့် ဒီဆုဟာ သမ္မတရဲ့ အသည်းနှလုံးကနေလာတဲ့ဆုဆိုတာ ကျနော်သိပါတယ်" လို့ ဂျိုးဘိုက်ဒန်က ကျေးဇူးတင်စကား ပြန်ပြောခဲ့ပါတယ်။ ၂၀၀၈ ကနေ ၂၀၁၆ အထိ သက်တန်း ၂ ကြိမ်ဆက်တိုက် တာဝန်ယူခဲ့ပြီးတဲ့ သမ္မတ အိုဘားမားဟာ ဇန်နဝါရီ ၂၀ ရက်နေ့မှာ သူ့ရဲ့ သမ္မတရာထူးတာဝန်တွေကို အရွေးကောက်ခံ သမ္မတသစ် ဒေါ်နယ်ထရမ့်ထံ တရားဝင် လွှဲပြောင်းပေးရတော့မှာဖြစ်ကြောင်း ဒီကနေ့ ဝါရှင်တန်ကရရှိတဲ့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up