လျှော့ချဖြတ်တောက်မှု

November 30, 2020

စပိန်တွင် ကိုဗစ်ကာလ လျှော့ချဖြတ်တောက်မှုများကြောင့် ဆရာဝန်နှင့်သူနာပြုများ ဆန္ဒပြ

စပိန်နိုင်ငံရဲ့ မြို့တော်မဒရစ်မှာ ဆရာဝန်နဲ့ သူနာပြု ၄,၀၀၀ လောက်ဟာ နိုဝင်ဘာ ၂၉ ရက်က ဗုံတီး ကခုန်ရင်း ဆန္ဒပြခဲ့ကြပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါအတွင်း လျှော့ချဖြတ်တောက်တာတွေကြောင့် ကပ်ဘေးကို ရုန်းကန်ရင်ဆိုင်နေရတယ်လို့ ပြောရင်း ဆန့်ကျင် ဆန္ဒပြနေကြတာပါ။ ရာချီတဲ့ မြို့ခံတွေကလည်း လူချင်းခွာနေရမယ့် စည်းမျဉ်းနဲ့ကိုက်ညီအောင် ထီးတွေ ကိုင်ဆောင်ပြီး ဆန္ဒပြပွဲကို ပူးပေါင်းခဲ့ကြပါတယ်။ ကျန်းမာရေးဝန်ဆောင်မှုတွေ လျှော့ချ ဖြတ်တောက်တယ်ဆိုတဲ့ စွဲချက်ကို မက်ဒရစ် ဒေသန္တရအစိုးရက ငြင်းဆိုပါတယ်။ ကိုဗစ်-၁၉ ကူးစက်ခံဦးရေ တိုးလာတာကို ရှောင်ရှားဖို့ ခရစ္စမတ်ကာလမှာ မိသားစုတွေ အကြီးအကျယ် စုဝေးတာမျိုး ရှောင်ကြဖို့နဲ့ လူ ၆ ယောက်ထက် ပိုမစုဖို့ ကန့်သတ်ဖို့ စပိန်ဝန်ကြီးချုပ် ပေဒရိုစန်ချဲ့ဇ်က ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။ နိုဝင်ဘာ ၂၇ တရက်တည်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါ အသစ်ကူးစက်ခံ ၁၀,၈၀၀ ကျော်ပြီး ကူးစက်ခံ သေဆုံးသူ ၂၉၄ ယောက် ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ကိန်းဂဏန်းတွေအရ သိရပါတယ်။ ဒါကြောင့် စပိန်မှာ ကပ်ရောဂါ ကူးစက်ခံ စုစုပေါင်း ၁,၆၃၀,၀၀၀ နီးပါး ရှိလာပြီး ကူးစက်ခံ သေဆုံးသူ စုစုပေါင်း ၄၄,၆၆၈ ယောက် ရှိနေပါတယ်။
1 year Ago
Up