လျှော့ချ

September 10, 2020

အီရတ်တွင် အမေရိကန်စစ်အင်အား လျှော့ချမည်

အမေရိကန်စစ်တပ်ဟာ အီရတ်မှာ ဒီလကစပြီး စစ်သည်အင်အား ၅၂၀၀ ကနေ ၃၀၀၀ အထိ လျှော့ပြီး တပ်ချထားတော့မယ်လို့ စက်တင်ဘာ ၉ ရက်မှာ ကြေညာပါတယ်။ ဒါဟာ ကာလကြာရှည် မျှော်လင့်ထားခဲ့ပြီး တရားဝင် ဖြစ်လာတဲ့ အရွှေ့တခုပါ။ အမေရိကန်ဟာ အီရတ်မှာ တပ်ချထားတဲ့ သူ့စစ်တပ်အင်အားကို ၃ ပုံ ၁ ပုံထိ လျှော့ချဖို့ မျှော်လင့်ထားတယ်လို့ ပြီးခဲ့တဲ့လက ရိုက်တာသတင်းမှာ ဖော်ပြခဲ့ပါတယ်။ အီရတ်နိုင်ငံတွင်းက အိုင်အက်စ် စစ်သွေးကြွတွေကို တိုက်ဖို့ အမေရိကန်က တပ်ချထားတာပါ။  ခုတော့ အီရတ် စစ်တပ်ဟာ အိုင်အက်စ် အကြွင်းအကျန်တွေကို သူတို့ကိုယ်တိုင် ကိုင်တွယ် ချေမှုန်းနိုင်လုနီးပါး ဖြစ်နေပြီလို့ အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်က အရာရှိတွေက ပြောပါတယ်။ လာမယ့်လတွေအတွင်း အီရတ်နိုင်ငံထဲက အမေရိကန် တပ်တွေကို လျှော့ချရေး ကတိကဝတ်ကို အမေရိကန်နဲ့ အီရတ် အစိုးရတို့ ဇွန်လက အတည်ပြုခဲ့ပါတယ်။ အမေရိကန်ကလည်း အီရတ်မှာ အမြဲတမ်းတပ်ချဖို့ ဒါမှမဟုတ် အမြဲတမ်း အခြေစိုက်စခန်း ထားရှိဖို့ အစီအစဉ် မရှိနေခဲ့ဘူးလို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံရဲ့ မဆုံးနိုင်တဲ့ စစ်ပွဲတွေကို အဆုံးသတ်မယ်လို့ သမ္မတထရမ့်က မဲဆွယ်ကတိပေးခဲ့ပါတယ်။ အီရတ်လွှတ်တော်ကလည်း နိုင်ငံတွင်းက နိုင်ငံခြားတပ်တွေ ပြန်လည်ထွက်ခွာရေး ဒီနှစ်အစောပိုင်းမှာ မဲပေးဆုံးဖြတ်ခဲ့ကြပါတယ်။
9 months Ago

April 10, 2020

ရေနံထုတ်လုပ်မှုလျှော့ချရန် အိုပက်နှင့်မိတ်ဖက်နိုင်ငံများ သဘောတူ

ရေနံတင်ပို့ရောင်းချတဲ့နိုင်ငံများအဖွဲ့ အိုပက်နဲ့ အဖွဲ့ဝင်မဟုတ်တဲ့ မိတ်ဖက်နိုင်ငံများကြား ရေနံထုတ်လုပ်မှုနှုန်းကို လျှော့ချသွားကြဖို့ သဘောတူလိုက်တယ်လို့ ဧပြီ ၁၀ ရက် ရိုက်တာသတင်းက ဖေါ်ပြပါတယ်။ အရေးပေါ်ဗွီဒီယိုကွန်ဖရင့်အဖြစ် ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ အကြိုသဘောတူညီ ချက်တခုရခဲ့ပြီး၊ ဒီနှစ်မေလနဲ့ဇွန်လထဲမှာ ပထမအဆင့်အနေနဲ့ တရက် ရေနံထုတ်လုပ်မှု စည် ဆယ်သန်းအထိ ဖြတ်တောက်လျှော့ချမယ်လို့ သတ်မှတ်ထားကြောင်းလည်း ဆော်ဒီမီဒီယာတွေက ဆိုပါတယ်။ ဒီလို ရေနံလျှော့ချထုတ်လုပ်တာဟာ ၂ နှစ်တာကာလအတွက် ဖြစ်ပြီး ဆော်ဒီစွမ်းအင်ဝန်ကြီး ကတော့ ဒီသဘောတူညီချက် သက်တမ်းကုန်ဆုံးသွားလည်း ဆော်ဒီအာရေဗျအနေနဲ့ ရေနံထုတ်လုပ်မှု လျှော့ချဖို့ အသင့် ရှိနေတယ်လို့ ပြောပါတယ်။ လက်ရှိဆန်းစစ်ချက်တွေအရတော့ နိုင်ငံတကာမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ရေနံစိမ်းဝယ်လိုအား ကျဆင်းနေပြီး မေလထဲမှာ တနေ့ရေနံစိမ်းစည်ပေါင်း ၂၅ သန်းကနေ သန်း ၃၀ အထိ ပိုလျှံလာဖွယ်လာဖွယ်ရှိတာကြောင့် နိုင်ငံတကာမှာ ဝယ်လိုအားထက်  ရောင်းလိုအားများ နေဦးမယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
1 year Ago
Up