လျှပ်စစ်ဝန်ထမ်း

October 20, 2022

ပုဏ္ဏားကျွန်းမြို့ လျှပ်စစ်ဌာနက ဝန်ထမ်း ၁ ဦး ငွေကြေးအလွဲသုံးစားပြီး ထွက်ပြေး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့မှာ လျှပ်စစ်ရုံးကဝန်ထမ်းတယောက်က ငွေကြေးအလွဲသုံးစား ပြုလုပ်ပြီး ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ဒေသခံ လျှပ်စစ်ဝန်ထမ်းတွေထံက သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် လျှပ်စစ်ဌာနက မီတာစာရေးတဦးဟာ အောက်တိုဘာ ၁၉ ရက်မှာ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနက ငွေကျပ် သိန်း ၃၀၀၀ ကျော်လောက်ကို အလွဲသုံးစား ပြုလုပ်ပြီး ထွက်ပြေးတိမ်းရှောင်သွားတာလို့ လျှပ်စစ်ဝန်ထမ်းတယောက်က ပြောပေမဲ့ အဆိုပါ စွပ်စွဲခံရတဲ့ဝန်ထမ်းကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။

အဲဒီဖြစ်စဥ်နဲ့ပတ်သက်လို့ မြို့နယ်လျှပ်စစ်မန်နေဂျာနဲ့ တာဝန်ရှိသူတွေ အပါအဝင် စွပ်စွဲခံရသူရဲ့ မိသားစုဝင်တွေကို ပြည်နယ်လျှပ်စစ်ရုံးမှာ ခေါ်ယူစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

“သူ စာရင်းကွာတာက တလတည်းတော့ မဖြစ်နိုင်ဘူး။ လစဥ်နီးပါး စာရင်းလိမ်လည်ရင်းနဲ့ မရှင်းနိုင်တဲ့ အခြေအနေကို ရောက်သွားတာဖြစ်နိုင်တယ်။ ဒီစာရင်းကွာဟမှုမှာ သူတယောက်တည်း မဟုတ်ဘဲ တခြားလျှပ်စစ်ဝန်ထမ်းတွေလည်း ပါဝင်နိုင်သေးတယ်။”

ပုဏ္ဏားကျွန်းမြို့နယ် လျှပ်စစ်ဌာနအနေနဲ့ ပြည်သူတွေဆီကနေ လျှပ်စစ်မီးတာခတွေ လိမ်လည် ကောက်ခံနေသလို ဌာနအတွင်းမှာလည်း ဘောက်ချာအတု၊ မီတာစာရွက်အတုတွေနဲ့ စာရင်းလိမ်လည်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

3 months Ago

July 22, 2022

ပုသိမ်ကြီးမြို့နယ်၌ လျှပ်စစ်ဝန်ထမ်း ၂ ဦးနှင့် စစ်ကောင်စီတပ်သား ၁ ဦး မိုင်းထိမှန်

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် ၁၉ လမ်း၊ ကန်လည်ရပ် ဦးလှထွန်းဖောင်ဒေးရှင်းအနီးမှာ ဇူလိုင် ၂၂ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားနဲ့အတူ မီတာလိုက်ဖတ်နေတဲ့ လျှပ်စစ်ဝန်ထမ်းတွေ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

ဗုံးခွဲတိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီတပ်သား ၁ ဦး၊ လျှပ်စစ်ဝန်ထမ်း  ၂ ဦး နဲ့ သံဃာ ၁ ပါး ထိခိုက်ဒဏ်ရရှိခဲ့တယ်လို့ သိရပါတယ်။

ပုသိမ်ကြီးမြို့နယ်နေ ပြည်သူတဦးက “လျှပ်စစ်ဝန်ထမ်း တယောက်က ငယ်ပါ ထိသွားတာ။ ဆရာတော်ကတော့ စိုးရိမ်ရတယ် ထင်တာပဲ။ တချို့ကလည်း ပျံလွန်တယ်မူတယ်ဆိုပြီး ပြောကြတယ်။ မသေချာဘူး။ ဗုံးကွဲပြီး မကြာဘူး၊ လူနာတင်ကားတွေနဲ့ သယ်သွားတယ်။ ၁၉ လမ်းကိုလည်း ပိတ်စစ်တာတွေလုပ်ကြတယ်။” လို့ ပြောပါတယ်။

ဒါ့အပြင် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်သားနဲ့ အရပ်ဝတ်တချို့က အနီးနားရှိ လူငယ်တချို့ကို ရိုက်နှက်စစ်ဆေးတာတွေရှိတယ်လို့ သိရပါတယ်။

6 months Ago
More News
Up