လျှပ်စစ်ရထားလမ်း

September 17, 2021

ငှက်ပျောသီးစိုက်၊ နို့စားနွားမွေး၊ လျှပ်စစ်ရထားလမ်း၊ မြေအောက်ရထားလမ်းဖောက်ရန် စစ်ခေါင်းဆောင်တိုက်တွန်း

ငှက်ပျောသီးကို ခေတ်မီနည်းစနစ်နဲ့ ထုတ်လုပ်ဖို့၊ နို့စားနွားမွေးကြဖို့နဲ့ လျှပ်စစ်မြို့ပတ်ရထားလမ်းတွေ မြေအောက်ရထားလမ်းတွေ ဖောက်လုပ်ကြဖို့  အာဏာသိမ်း စစ်ခေါင်းဆောင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၁၆ ရက်က မန္တလေးတိုင်းဒေသကြီးနဲ့ ပြင်ဦးလွင်မြို့နယ်တို့ရှိ  စစ်ကောင်စီ အဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ မြို့မိမြို့ဖတွေကို တွေ့ဆုံအမှာစကားပြောကြားရာမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်တာပါ။ 

“မိမိတို့နိုင်ငံဟာ နို့နှင့် နို့ထွက်ပစ္စည်းတွေ ပြည်ပမှ တင်သွင်းနေရတာကြောင့် နို့နဲ့ နို့ထွက်ပစ္စည်းအမျိုးမျိုးနဲ့ အေးခဲအသားငါးတွေ ထုတ်လုပ်ပြီး ခေတ်မီ ထုပ်ပိုးမှုပုံစံတွေနဲ့ မိမိတို့နိုင်ငံရှိ တခြား ဒေသတွေသာမက ပြည်ပနိုင်ငံတွေကို တင်ပို့ ရောင်းချနိုင်တဲ့အထိ စဉ်းစားလုပ်ဆောင်ကြရမှာဖြစ်ပြီး  မန္တလေးတိုင်းဒေသကြီးဟာ နို့စားနွား မွေးမြူရေးကို အောင်မြင်ဖြစ်ထွန်းစွာ ဆောင်ရွက် နိုင်တဲ့ အလားအလာ များစွာ ရှိလို့ အလေးထားဆောင်ရွက်ရမယ်” လို့ ပြောပါတယ်။

စိုက်ပျိုးရေးထုတ်ကုန်တွေမှာ မန္တလေးက စိန်တလုံးသရက်နဲ့ ဆီထွက်ထုတ်ကုန်တွေ နာမည်ရရှိပြီးဖြစ်ပြီး ပြည်ပတင်ပို့ ရတဲ့အထိဈေးကွက်ရရှိပြီးဖြစ်ကြောင်း၊ ဒါ့အပြင် ဈေးကွက်လိုအပ်ချက် ရှိပြီးသား ငှက်ပျောသီးကဲ့သို့သော သီးနှံတွေနဲ့ တခြားစိုက်ပျိုးရေး ထုတ်ကုန်တွေ ခေတ်မီနည်းစနစ်ကျစွာ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင် ရွက်ကြရမယ်လို့ လည်းပြောပါတယ်။

အများပြည်သူသယ်ယူ ပို့ဆောင်မှုစနစ်နဲ့ပတ်သက်ပြီး လျှပ်စစ်ကိုအခြေခံတဲ့ လျှပ်စစ်ဘတ်စ်ကား လုပ်ငန်းတွေနဲ့ လျှပ်စစ်မြို့ပတ်ရထားလမ်းတွေ၊ မြေအောက်ရထားလမ်းတွေအထိ တွက်ချက်စဉ်းစားလုပ်ဆောင်ကြစေလိုတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ ပါတီနိုင်ငံရေးကင်းရှင်းရမှာဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း လုပ်ငန်းတာဝန်တွေနဲ့ ပါတီနိုင်ငံရေးကို ခွဲခြားသိမြင်ရမယ်လို့လည်း စစ်ခေါင်းဆောင်က ပြောသွားပါတယ်။

Photo-DSINFO

2 years Ago

September 12, 2021

ရန်ကုန်-ပြည် လျှပ်စစ်ရထားလမ်းဖောက်ရန်နှင့် မြစ်ကူးမီးရထားတံတား နှစ်ထပ်ဒီဇိုင်းဖြင့် ဆောက်ရန် အကြမ်းဖက်စစ်ခေါင်းဆောင်ညွှန်ကြား

ရန်ကုန်-ပြည် ရထားလမ်းကို  လျှပ်စစ်ရထားလမ်းအဖြစ် ဖောက်လုပ်ဖို့နဲ့   မြစ်ကူးမီးရထားတံတားတွေကို အပေါ်အောက် နှစ်ထပ်ဒီဇိုင်းပုံစံနဲ့ ဆောက်လုပ်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။ 

စက်တင်ဘာ ၁၀ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိ မြို့နယ်ရှိ  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား စက်မှုနှင့်လျှပ်စစ် အင်ဂျင်နီယာဌာန စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)နဲ့  ဘူတာ ကြီးတို့သို့ သွားရောက်ကြည့်ရှုရာမှာ ပြောဆိုခဲ့တာပါ။

စစ်ခေါင်းဆောင်က “ ရန်ကုန်-ပြည် မီးရထား လမ်းဟာ ပထမဆုံးဖွင့်လှစ်ခဲ့တဲ့ မီးရထားလမ်းတယ်။ အဆင့်မြှင့်တင်ကာ လျှပ်စစ် ရထားလမ်းတွေအထိ မျှော်မှန်းလုပ်ဆောင်ရမှာဖြစ်တယ်။ ချက်ချင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာမဟုတ်ပေမဲ့  ရေရှည်အတွက် စီမံချက်ချ လုပ်ဆောင်ကြရမယ်။  မြစ်ကူးမီးရထားတံတားဖောက်လုပ်ရာမှာ ယခင်က မှားယွင်းစွာဖောက်လုပ်ခဲ့တဲ့  ဒီဇိုင်းအမှားတွေ အပေါ်သင်ခန်းစာယူပြီး  ဘေးချင်းယှဉ် လျက်သော်လည်းကောင်း၊ အပေါ်အောက် နှစ်ထပ်ဒီဇိုင်းပုံစံဖြင့်သော်လည်းကောင်း ဖောက်လုပ်နိုင်ရေး စဉ်းစားလုပ်ဆောင်ကြဖို့လိုတယ်” လို့ ပြောပါတယ်။ 

ဒါ့အပြင် မီးရထားလမ်းတွေ ကြံ့ခိုင်ကောင်းမွန်ဖို့  အဓိကဦးစားပေး ဆောင်ရွက်ဖို့၊ လမ်းတစ်ခုချင်းအလိုက် တိုင်းတာစစ်ဆေးဖို့၊ မီးရထားလမ်းတွေကောင်းမွန်ခြင်း မရှိပါက ရထားတွဲတွေ ပျက်စီးပြီး  ခရီးသွားလာမှုကို ကြန့်ကြာနိုင်လို့ လမ်းတွေကောင်းမွန်စေရေး ရထားလမ်းတွေထိန်းသိမ်း ဆောင်ရွက်ရာမှာ သတ်မှတ် စံချိန်စံညွှန်းတွေအတိုင်း  တိကျစွာ လိုက်နာ ဆောင်ရွက်ဖို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ နေပြည်တော်မှာလည်း မြေအောက်ရထားတွေ၊ လျှပ်စစ်ကားတွေ ပြေးဆွဲဖို့လည်း မကြာသေးခင်က ညွှန်ကြားထားပါတယ်။   

Photo- DSINFO

2 years Ago
Up