လျှပ်စစ်မော်တော်ကား

December 28, 2019

တူရကီနိုင်ငံထုတ် ပထမဆုံးပြည်တွင်းဖြစ် မော်တော်ကား ပြသ

တူရကီရဲ့ ပထမဆုံး ပြည်တွင်းဖြစ် မော်တော်ကားကို ဒီဇင်ဘာလ ၂၇ ရက်က  ပွဲထုတ် ပြသခဲ့ပါတယ်။ လာမယ့် ၁၃ နှစ်အတွင်း လျှပ်စစ်မော်တော်ကား စင်းရေ ၁၇၅,၀၀၀ အထိ ထုတ်လုပ်ဖို့ မျှော်မှန်းထားတယ်လို့ တူရကီအစိုးရက ပြောပါတယ်။  ဒီစီမံကိန်းဟာ တူရကီရဲ့ စီးပွားရေး အင်အားကြီးမားလာမှုကို ပြသတဲ့ သမ္မတ  တေယစ်အာဒိုဝမ်နဲ့ သူ့ရဲ့အာဏာရ AK Party ရဲ့ ကာလရှည် ရည်မှန်းချက် ဖြစ်ပါတယ်။      ဖွင့်ပွဲအခမ်းအနားမှာ သမ္မတအာဒိုဝမ်က မော်တော်ကားတွေကို  ပြည်တွင်းတင်မကဘဲ ဥရောပက အစပြုလို့ ကမ္ဘာကို ထိုးဖောက်နိုင်တဲ့ အမှတ်တံဆိပ် ဖြစ်လိုတယ်လို့ ပြောခဲ့ပါတယ်။   အဲဒီလျှပ်စစ်မော်တော်ကားတွေအတွက် ဓာတ်အား ပြန်ဖြည့်ပေးမယ့် အခြေခံအဆောက်အအုံတွေက လာမယ့် ၂၀၂၂ အကုန်မှာ တနိုင်ငံလုံး အဆင်သင့် ဖြစ်မယ်လို့လည်း  အာဒိုဝမ်က ပြောခဲ့ပါတယ်။ တူရကီဟာ ပြည်တွင်းထုတ် မော်တော်ကားတွေကို ဥရောပဆီ အဓိကတင်ပို့တဲ့နိုင်ငံ ဖြစ်ပြီး ဖို့ဒ်၊ ဖီးယက်၊ ခရိုက်စလာ စတဲ့ မော်တော်ကားကုမ္ပဏီကြီးတွေက တူရကီမှာ လာရောက် ရင်းနှီးမြှုပ်နှံပြီး မော်တော်ကားတွေ ထုတ်လုပ်နေပါတယ်။  ပြည်တွင်းဖြစ် တော့ဂ်ကုမ္ပဏီထုတ် မော်တော်ကားတွေအတွက် အစိုးရက    အခွန်လျှော့ပေါ့ပေးတာနဲ့ မော်တော်ကားစက်ရုံ တည်ဆောက်ပေးတာတွေ လုပ်ဆောင်ပေးမယ်လို့   တူရကီအစိုးရ သတင်းစာမှာ ဖော်ပြထားပါတယ်။
2 years Ago
Up