လျှပ်စစ်မီး

January 22, 2022

သိန်းနီမြို့တွင် မီတာခခြိမ်းခြောက်တောင်းခံ၊ လျှပ်စစ်မီးဖြတ်တောက်နေ

ရှမ်းပြည်မြောက်ပိုင်း၊ သိန်းနီမြို့မှာ ဇန်နဝါရီ ၂၀ ရက် မနက်ပိုင်းကစတင်ပြီး မြသင်းကြူ လျှပ်စစ်ကုမ္ပဏီက မီတာခမပေးဆောင်တဲ့နေအိမ်တွေကို ခြိမ်းခြောက်ငွေတောင်းခံတဲ့အပြင် လျှပ်စစ်မီးဖြတ်တောက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မီတာခံမပေးဆောင်သူတွေကို အတင်းအဓမ္မခြိမ်းခြောက်တောင်းခံဖို့နဲ့ ပေးဆောင်ခြင်းမရှိ တဲ့နေအိမ်တွေကို လျှပ်စစ်မီးဖြတ်တောက်ဖို့ စစ်ကောင်စီရဲ့လက်အောက်ခံ လားရှိုးခရိုင် လျှပ်စစ်အင်ဂျင်နီယာမှူးကိုယ်တိုင် သိန်းနီမြို့ကိုလာရောက် ညွှန်ကြားခဲ့တယ်လို့ ကုမ္ပဏီနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

သိန်းနီမြို့၊ အမှတ် ၃ ရပ်ကွက်နေ အမျိုးသားတစ်ဦိးက ‘ အခုကျနော်တို့မြို့က ကိုဗစ်နဲ့ နလန်ထူမလို့ ရှိသေးတယ်။ နိုင်ငံရေးက မကောင်းတဲ့ကြားက မီးဓားမြတွေက တမျိုး။ မီတာခဆောင်လည်း မီးပျက်တယ်။ မဆောင်လည်း ပျက်တယ်။ ဘာမှ မထူးဘူး။ အခုလိုအချိန်မှာ လူတိုင်းစားဝတ်နေရေး မနည်းရုန်းကန်နေရတယ်။ အခြေခံလူတန်းစားတွေက ဖိနှိမ့်ခံ ခြိမ်းခြောက်ခံနေရတဲ့ဘဝ။ ဘယ်သူအဖေ ခေါ်ရမှန်း မသိတော့ဘူး”လို့ ပြောပါတယ်။

ဒီဇင်ဘာလက ထရန်စဖော်မာချို့ယွင်းမှုကြောင့် လျှပ်စစ်မီး နှစ်ပတ်နီးပါးပြတ်တောက်ခဲ့ပေမယ့် မီတာခကောက်ခံရာမှာ အရင်လတွေအတိုင်း သုံးစွဲယူနစ်လျော့နည်းတာမရှိဘဲ‌ ပုံမှန်ကောက်ခံသလို လစဉ်အမှန်တကယ် မီတာသုံးစွဲယူနစ်ထက်  ၂ ဆ နီးပါးဖြစ်နေတာတွေကို တာဝန်ရှိတဲ့သူတွေကို‌ ဖြေရှင်းဆောင်ရွက်ပေးဖို့ ပြောဆိုပေမယ့် ကုမ္ပဏီက တာဝန်ယူဖြေရှင်းဆောင်ရွက်ပေးတာ မရှိတဲ့အတွက် နစ်နာတယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။

အမှတ် ၂ ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက” လကုန်ခါနီးရက် ၂၀ လောက်ဆိုရင် မီတာစာရွက်ရောက်လာပြီ။ အမှန်တကယ်ကျသင့်တဲ့ ယူနစ်ထက် နှစ်ဆနီးပါးတက်နေတယ်။ ကျသင့်တဲ့ မီတာသုံးစွဲယူနစ်ကို လာမဖတ်ဘဲ မီတာစာရွက်မှာ ဘယ်လို တွက်ချက်နေလည်းတော့ မသိဘူး။ ကျမတို့က တလလည်းမဟုတ် လစဉ်ဖြစ်နေတော့ နစ်နာတယ်”လို့ ဆိုပါတယ်။

မြို့ခံပြည်သူတွေအနေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ကိုဗစ်ရောဂါဖြစ်ပွားမှု အဆိုးဝါးဆုံးအခြေအနေနဲ့ ရင်ဆိုင်ဖြတ်သန်းခဲ့ရသလို အခြေခံလူတန်းစားတွေဟာ လူမှုစီးပွားရေး၊ စားဝတ်နေရေး အခက်အခဲတွေရင်ဆိုင်ခဲ့ရတဲ့အတွက် ပိုလျှင်လှူ  လိုလျှင်ယူ အစီအစဉ်တွေနဲ့ ပြည်သူမှ ပြည်သူကို ပြန်လည်ကူညီမှုတွေ ပြုလုပ်ခဲ့ရပါတယ်။

4 days Ago

January 21, 2022

စစ်ကောင်စီက မိုးကုတ်၌ လျှပ်စစ်မီးဖြတ်၊ မီးစက်အသုံးပြု နေအိမ်အချို့ကို ဒဏ်ငွေတောင်းနေ

မန္တလေးတိုင်း မိုးကုတ်မြို့မှာ စစ်ကောင်စီက ဇန်နဝါရီလအတွင်း လျှပ်စစ်မီး နေ့စဥ်ဖြတ်တောက်ပြီး မီးစက်အသုံးပြုတဲ့ နေအိမ်အချို့ကို ဒဏ်ငွေတောင်းနေတယ်လို့ ​ဒေသခံတွေက ပြောပါတယ်။

"မီးက ညလူအိပ်ချိန်မှလာတယ်၊ လာလည်း ခဏပဲလာတယ်၊ ထမင်းဟင်းချက်လို့မရဘူး၊ မီးစက်ခုတ်ပြန်တော့လည်း ဒဏ်ငွေလိုက်တောင်းတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မိုးကုတ်မြို့မှာ ဇန်နဝါရီလအတွင်း လျှပ်စစ်မီးက နေ့စဥ်နီးပါးပြတ်တောက်နေတာဖြစ်ပြီး ညပိုင်း လူအိပ်ချိန်မှသာ မီးလာတာလို့ သိရပါတယ်။ 

မီးစက်အသုံးပြုတဲ့ နေအိမ်အချို့ကို စစ်ကောင်စီတပ်တွေက ဒဏ်ငွေလိုက်လံတောင်းခံတာဖြစ်ပြီး ၁ သိန်းခွဲက စတင်ပြီး ငါးသိန်းကျပ်အထိ ပေးဆောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

“ညပိုင်းကို မီးစက်မခုတ်ရဘူးဆိုပြီး မြို့ထဲလိုက်အော်သေးတယ်။ မီးကလည်း ဖြတ်ထားတယ်၊ မီးစက်ခုတ်ရင်လည်း ပေးမခုတ်ဘူး" လို့ဒေသခံတစ်ဦးက ပြောပါတယ်။ 

မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်တွေဟာ ကျောက်ကုန်သည်တွေနဲ့ မီးစက်အသုံးပြုတဲ့ နေအိမ်တွေကို ငွေကြေးတောင်းခံနေသလို အမည်မသိအဖွဲ့တစ်ခုကလည်း ခြိမ်းခြောက်စာပို့ပြီး ငွေတောင်းခံနေတယ်လို့ သိရပါတယ်။ 

မိုးကုတ်မြို့မှာ အင်တာနက်လိုင်းတွေ ပြတ်တောက်ခံထားရတာ ၅ လနီးပါးရှိပြီဖြစ်ပြီး လျှပ်စစ်မီးတွေပါ အဖြတ်ခံထားရတာကြောင့် သတင်းစီးဆင်းမှုလည်း ပြတ်တောက်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။

5 days Ago
More News
Up