လျော်ကြေး

January 22, 2021

ဧရာဝတီတံတားတည်ဆောက်စဉ်က နစ်နာခဲ့သည့်တောင်သူများကို လျော်ကြေး ကျပ် သိန်း ၃၀၀၀ ကျော်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်မှာ ဧရာဝတီတံတားတည်ဆောက်စဉ်က ပျက်စီးခဲ့တဲ လယ်မြေတွေအတွက် တောင်သူတွေကို နစ်နာကြေးအဖြစ် ငွေကျပ် သိန်း ၃၀၀၀ ကျော်ပေးအပ်ခဲ့ပါတယ်။ တံတားကြောင့် ပျက်စီးခဲ့တဲ့ လယ်မြေအတွက် ကျေးရွာ ၉ ရွာက တောင်သူ ၁၆၇ ယောက်ကို သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ဇန်နဝါရီလ ၂၀ ရက်က တွေ့ဆုံပြီး ပျက်စီးခဲ့တဲ့မြေဧက အလိုက် လျော်ကြေးပေးခဲ့တာဖြစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။ ညောင်တုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းလွင်က "ပျက်စီးခဲ့တဲ လယ်မြေလျော်ကြေးငွေတွေကို သက်ဆိုင်ရာဌာန ဆိုင်ရာတွေနဲ့ ပူးပေါင်းပြီးတော့ လွှတ်တော်မှာအဆိုတင်သွင်းပြီး လျော်ကြေးရရှိအောင် ကူညီပေးခဲ့တာပါ''လို့ ပြောပါတယ်။ လျော်ကြေးပေးအပ်ရာမှာ ညောင်တုန်းမြို့နယ် မြန်မာပြာသာအုပ်စုက တောင်သူ ၄၈ ယောက်ကို ငွေကျပ် ၅၄၇ သိန်း၊ စက္ကော့ရေလည် အုပ်စုက တောင်သူ ၉၃ ယောက်ကို ငွေကျပ် ၁၆၅၄ သိန်းကျော်နဲ့ ဆင်ထုံ အုပ်စုက တောင်သူ ၂၆ ယောက်ကို ငွေကျပ် ၉၆၇ သိန်းကျော်ကို ဆုံးရှုံး ခဲ့တဲ့ မြေဧကအလိုက်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ ဧရာဝတီတံတားတည်ဆောက်စဉ်  ကျေးရွာ ၉ ရွာက ပျက်စီးခဲ့တဲ့ လယ်မြေတွေအတွက် ၁ ဧကကို ငွေကျပ် ၂၅ သိန်းနှုန်းနဲ့ နစ်နာကြေးပြန်လည်ပေးအပ်ခဲ့တာဖြစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - ထူးခြား (ညောင်တုန်း)
3 months Ago

January 8, 2021

စစ်အတွင်း လိင်ကျွန်အမျိုးသမီး ၁၂ ဦးအတွက် လျော်ကြေးပေးရန် ကိုရီးယားတရားရုံး အမိန့်ချ

စစ်တွင်းကာလ ပြည့်တန်ဆာအိမ်တွေမှာ အတင်းအကျပ် ခိုင်းစေခံရတဲ့ တောင်ကိုရီးယား အမျိုးသမီး ၁၂ ယောက်ကို ဂျပန်က လျော်ကြေးပေးဖို့ တောင်ကိုရီးယားတရားရုံးက ဇန်နဝါရီ ၈ ရက်မှာ အမိန့်ချမှတ်လိုက်ပါတယ်။ ဂျပန်အစိုးရကတော့ တောင်ကိုရီးယားတရားရုံးဆုံးဖြတ်ချက်ဟာ လုံး၀ လက်ခံနိုင်စရာ မရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။  ဂျပန်လက်အောက်ကို ကိုရီးယားကျွန်းဆွယ်ကျရောက်ခဲ့တဲ့ ၁၉၁၀ ကနေ ၁၉၄၅ အတွင်းက အမှတ်ရစရာ ဖြစ်ရပ်တွေဟာ နှစ်ဖက်စလုံးအဖို့ လက်ခံနိုင်စရာ မရှိပါဘူး။ သက်ရှိထင်ရှားရှိနေတဲ့ တောင်ကိုရီးယား လိင်ကျွန်အမျိုးသမီးတွေက ဂျပန်အစိုးရရဲ့ တရားဝင် ဝန်ချတောင်းပန်မှုကို လျော်ကြေးအဖြစ် တောင်းဆိုနေပါတယ်။   အဲဒီပြသနာကို နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်တဲ့ ၁၉၆၅ သဘောတူစာချုပ်အရ ဖြေရှင်းပြီးပြီလို့ ဂျပန်အစိုးရက ပြောဆိုပါတယ်။  နောက်ပြီး ၂၀၁၅ နှစ်နိုင်ငံသဘောတူညီချက်အရ အငြင်းပွားမှုကို အဆုံးသတ်ဖို့ နှစ်နိုင်ငံလုံး က သဘောတူထားတယ်လို့လည်း ဂျပန်က ဆိုပါတယ်။  ဒါပေမဲ့ ဆိုးလ်ခရိုင်တရားရုံးက ဘယ်သဘောတူညီချက်ကမှ အမျိုးသမီးတွေရဲ့ လျော်ကြေး ရပိုင်ခွင့်နဲ့ အကျုံးမဝင်ဘဲ ဂျပန်အစိုးရအနေနဲ့   အမျိုးသမီး တစ်ယောက်စီကို လျော်ကြေးငွေ ဝမ် သန်း ၁၀၀ ပေးဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ ရိုက်တာက ရေးပါတယ်။
3 months Ago
More News
Up