လတ်စ်ဗီးဂတ်စ်မှာလုပ်ခဲ့တဲ့ လေဒီဂါဂါရဲ့ Enigma ရှိုးပွဲမှာ သီချင်းအဆိုကောင်းခဲ့တဲ့ လုံခြုံရေးဝန်ထမ်းတဦးဟာ ပရိသတ်တွေကြားမှာ အထူးရေပန်းစားခဲ့တယ်လို့ ဇန်န၀ါရီ ၄ ရက်နေ့ Mirror သတင်းမှာ ဖော်ပြပါတယ်။
ဒီပွဲမှာ လေဒီဂါဂါဟာ အလန်းစားအဝတ်အစား၊ မိတ်ကပ်၊ အပြင်အဆင်နဲ့ ဖျော်ဖြေမှုတွေ ပြုလုပ်ခဲ့တာကြောင့် ပရိသတ်အားလုံးရဲ့အာရုံက စတိတ်စင်ပေါ်က မခွာနိုင်ဖြစ်ခဲ့ရပေမယ့် ပရိသတ်အချို့ကတော့ လေဒီဂါဂါထက် ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ ဖြစ်ရပ်တခုကို ရှာတွေ့ခဲ့ပါတယ်။
အဲဒါကတော့ ဂါဂါရဲ့ သီချင်း တပုဒ်ကို ဟန်နဲ့ပန်နဲ့ လိုက်ပါသီဆိုစီးမျောနေတဲ့ လုံခြုံရေးဝန်ထမ်းတဦးပဲဖြစ်ပါတယ်။
ဒီအမျိုးသားလုံခြုံရေး ဝန်ထမ်းက လေဒီဂါဂါ Beautiful,Drity,Rich သီချင်းကို သီဆိုနေချိန်မှာ သူကပါ စည်းချက်အတိုင်း လိုက်ပါသီဆိုခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်ကို မက်ကိုဟန် ဆိုတဲ့ ပရိသတ်တဦးက ဗွီဒီယိုရိုက်ကူးကာ လူမှုကွန်ရက်ပေါ်မျှဝေခဲ့ပါ ပဲဖြစ်ပါတယ်။
မက်က “ဒီဖျော်ဖြေပွဲရဲ့ အကောင်းဆုံးအခိုက်အတန့်တွေထဲကတခု” လို့ ခေါင်းစဉ်တပ်ပြီး ဒီဗွီဒီယိုဖိုင်ကို တင်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ဒီဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာတော်တော်လေး ရေပန်းစားသွားခဲ့ပြီး မှတ်ချက်ရေးသားသူပေါင်းများစွာ ရှိခဲ့ပါတယ်။
လုံခြုံရေးဝန်ထမ်းရဲ့ သီဆိုဖျော်ဖြေမှုကို သူတို့လည်း သတိထားမိတယ်လို့ အမျိုးသမီးတဦးက မှတ်ချက်ပေးခဲ့ကာ “နောက်ထပ်လုံခြုံရေးဝန်ထမ်းက လာပြီးပြောမှသာ သူသီချင်းလိုက်ဆိုနေတာ ရပ်သွားတယ်” လို့ပြောပါတယ်။
ဒီလိုမှတ်ချက်တွေအပြင် တာဝန်ချိန်မှာ သီချင်းနဲ့ လိုက်ပါစီးမျောနေတဲ့ ပုံစံက သူ့ရဲ့အလုပ်ကို ထိခိုက်နိုင်တယ်လို့ လူတချို့က စိုးရိမ်နေကြပြီး ဒီလုပ်ရပ်ကြောင့် သူ့ကိုအလုပ်ထုတ်တယ်ဆိုရင် အဲ့ဒီလုံခြုံရေးကုမ္ပဏီကို သွားသောင်းကျန်းမယ်လို့လည်း တချို့က ဆိုပါတယ်။
ဒါပေမယ့် မှတ်ချက်ပေးသူတဦးကတော့ ဒီလုံခြုံရေးဝန်ထမ်းအနေနဲ့ ပိုက်ဆံလည်းရ၊ လေဒီဂါဂါရဲ့ ရှိုးလည်း အလကား ကြည့်ခဲ့ရတာကြောင့် အလုပ်ထုတ်ခံရရင်တောင် တန်နေပါပြီလို့ ရေးသားထားပါတယ်။
4 years Ago