ဘရပ်ဆဲလ်ဗုံးပေါက်ကွဲမှုဖြစ်အပြီး လုံခြုံရေးဆိုင်ရာ မတည်ငြိမ်မှုတွေကြောင့် ဘယ်လ်ဂျီယမ်နိုင်ငံ မြို့တော်မှာ ကျင်းပမယ့် ပေါ့ပ်အဆိုတော် မာရီယာကာရေးရဲ့ ဖျော်ဖြေပွဲခရီးစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ သူ့ရဲ့ ဥရောပခရီးစဉ် ဖျော်ဖြေပွဲ လက်မှတ်ရောင်းချတဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြပါတယ်။
မာရီယာကာရေးရဲ့ ဥရောပဖျော်ဖြေပွဲခရီးစဉ်ဟာ မတ်လ ၂၇ ရက်နေ့မှာ ဘယ်လ်ဂျီယမ်နိုင်ငံမြို့တော်၊ ဘရပ်ဆဲလ်မြို့မှာ ကျင်းပမယ်လို့ စီစဉ်ထားခဲ့တာပါ။
သူ့ရဲ့ တွစ်တာလူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပရိသတ်တဦးရဲ့ မှတ်ချက်တခုမှာ လုံခြုံရေးဆိုင်ရာ မတည်ငြိမ်နိုင်သေးတဲ့ အခြေအနေတခုကြောင့် ဖျက်သိမ်းလိုက်ရတာလို့ မာရီယာကာရေးက ရေးခဲ့တာပါ။
မာရီယာကာရေးက သူ့ရဲ့ ဖျော်ဖြေရေးအဖွဲ့ဝင်တွေနဲ့ ပရိသတ်တွေရဲ့ လုံခြုံရေးကို ကာကွယ်တဲ့အနေနဲ့ ဒီဖျော်ဖြေပွဲကို ဖျက်သိမ်းဖို့ အကြံပေးခဲ့တာလို့ ဘဲလ်ဖတ်စ်တယ်လီဂရပ်ဖ်သတင်းက ဆိုပါတယ်။
ဖျော်ဖြေပွဲခရီးစဉ်အချိန်ကို ဘယ်အချိန်ပြန်ကျင်းပမယ်ဆိုတာကို လက်ရှိမပြော နိုင်သေးပေမယ့် သူ့အနေနဲ့ ဘယ်လ်ဂျီယမ်ပရိသတ်တွေနဲ့ မကြာခင်မှာ တွေ့ရလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း မာရီယာကာရေးက ပြောပါတယ်။
6 years Ago