လဲလှယ်ရန်

January 26, 2020

ဂျူဗင်တပ်စ်နှင့် ကစားသမားချင်း လဲလှယ်ရန် ပီအက်စ်ဂျီ စီစဉ်နေ

နောက်ခံအစွန်လူနှစ်ဦး ဖြစ်တဲ့ မတ်တီဒီဆစ်လီယိုနဲ့ လဗင်ကာဇာဝါတို့ကို အလဲအထပ် ပြုလုပ်ဖို့ ဆွေးနွေးနေကြောင်း ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်စ်အသင်းတို့ရဲ့ နည်းပြအသီးသီးက အတည်ပြု ပြောဆိုခဲ့ပါတယ်။  ဆွေးနွေးမှုဟာ မကြာသေးခင်ကမှ တင်ခဲ့တာ ဖြစ်ပေမယ့် ဒီအပြောင်းအရွှေ့ဟာ လာမယ့်ရက်ပိုင်းအတွင် အပြီးသတ်နိုင်ဖို့ ရှိနေပါတယ်။  “ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် ဆုံးဖြတ်ချက်တော့ မချမှတ်ရသေးပါဘူး။ ကာဇာဝါဟာ သူ့ရဲ့အနာဂတ်အခြေအနေကြောင့် လိုင်လီနဲ့ ကစားမယ့်ပွဲမှာ ပွဲဝင်နိုင်မှာမဟုတ်ပေမယ့် သူဟာ အခုချိန်ထိ ကျနော်တို့အသင်းရဲ့ ကစားသမားအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်” လို့ ပီအက်စ်ဂျီနည်းပြ တူချယ်က ပြောပါတယ်။ ဂျူဗင်တပ်စ်နည်းပြ ဆာရီကလည်း ဆွေးနွေးမှုအကြောင်းကို အတည်ပြုပေးခဲ့ပေမယ့် သဘောတူညီချက် တစုံတရာ မရှိသေးဘူးလို့ ပြောပါတယ်။  “အားကစားဒါရိုက်တာ ဖာဘီယိုပါရာတီစီက ဆွေးနွေးမှုအကြောင်း ကျနော့်ကို ပြောပြထားပေမယ့် သဘောတူညီချက် တစုံတရာတော့ မရှိသေးပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော် ကာဇာဝါအကြောင်း သိပ်မသိသေးသလို သူ့စကေးတွေကိုလည်း မလေ့လာရသေးပါဘူး။ ကျနော် သူ ကစားတာကို တီဗွီမှာ မြင်တွေ့ခဲ့ပေမယ့် တီဗွီမှာ မြင်ရတာက သူ့ကို လေ့လာတယ်လို့ မခေါ်ပါဘူး” လို့ ဆာရီက ပြောပါတယ်။  ပီအက်စ်ဂျီအသင်းဟာ လိုင်လီအသင်းကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲမှာ ကာဇာဝါအပြင် တိုက်စစ်မှူး ကာဗာနီလည်း ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ တူချယ်က ပြောပါတယ်။ ကာဗာနီဟာလည်း ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းကြီးနေသူ ဖြစ်ပြီးတော့ အသက် ၃၂ နှစ်အရွယ် ဥရုဂွေးတိုက်စစ်မှူးဟာ အခုရာသီကုန်ဆုံးချိန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းပြည့်တော့မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဒီကစားသမားဟာ ချဲလ်ဆီးအသင်းနဲ့ သတင်းကြီးနေပြီးတော့ အက်သလက်တီကိုအသင်းကလည်း သူ့ကို ယူရို ၁၀ သန်းထက်ကျော်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။  “ကာဗာနီဟာ ကျနော်တို့နဲ့အတူ ပြီးခဲ့တဲ့ရက်ပိုင်း လေ့ကျင့်ရေးအစီအစဉ်တွေမှာ ပါဝင်ခဲ့ပေမယ့် သူ့အနာဂတ်ဟာလည်း မသေချာ မရေရာတဲ့ အခြေအနေမှာ ရှိနေတာကြောင့် လိုင်လီနဲ့ ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး” လို့ တူချယ်က ထပ်မံပြောဆိုခဲ့ပါတယ်။
1 year Ago
Up