လဲလျောင်းဆန္ဒပြ

May 21, 2021

မြန်မာပြည်သူများကို မသတ်ရန် ဂျပန်ပြည်သူများ လဲလျောင်းဆန္ဒပြ

ဂျပန်ပြည်သူတွေရဲ့အခွန်ငွေတွေနဲ့ မြန်မာပြည်သူတွေကိုမသတ်ဖို့ တောင်းဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ပြီး တိုကျိုမြို့ ဂျပန်နိုင်ငံခြားရေးရုံး​ရှေ့မှာ ရာနဲ့ချီတဲ့ ဂျပန်ပြည်သူတွေက ဒီကနေ့ မေလ ၂၁ ရက်ညပိုင်းမှာဆန္ဒပြခဲ့ကြပါတယ်။

လမ်းမပေါ်မှာဆန္ဒပြတဲ့ မြန်မာပြည်သူတွေ အသတ်ခံရပုံစံနဲ့ လဲလျောင်း ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဆန္ဒပြပွဲမှာ ဂျပန်ဘုန်းတော်ကြီးတွေအပါအဝင် ဂျပန်အန်ဂျီအို ၃၀ ကျော်က ပူးပေါင်းပါဝင်ခဲ့ကြ ပါတယ်။  

ဦးဆောင်သူတဦးဖြစ်တဲ့ မစ္စတာ ကိုဂျီဆူဂိဟာရက “အာဏာသိမ်းမြန်မာစစ်ကောင်စီက ဆန္ဒပြ  မြန်မာပြည်သူတွေကို နေ့စဉ် အကြမ်းဖက်သတ်ဖြတ်နေတာ ၈၀၀ ကျော်သေဆုံးခဲ့ရသလို မတရားဖမ်းဆီး နှိပ်စက်တာတွေ ဆက်လက်ကျူးလွန်နေတာမို့ အခုလိုလာရောက် ဆန္ဒပြတာ”လို့  ပြောပါတယ်။

ဂျပန်အစိုးရအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို အထောက်အပံ့ဖြစ်စေမယ့်  ODA အပါအဝင် တခြားအထောက်အကူတွေပေးတာ ရပ်တန်းကရပ်ဖို့ ဂျပန်ပပြည်သူတွေရဲ့ တောင်းဆိုစာကိုလည်း ဂျပန်နိုင်ငံခြားဝန်ကြီးထံ  ရုံးတွင်းတာဝန်ကျအရာရှိမှတဆင့်ပေးပို့ ဆွေးနွေးခဲ့ပါသေးတယ်။ 

မြန်မာ့အရေးလှုပ်ရှားသူ ဦးမြင့်ဆွေကလည်း ဂျပန်အစိုးရအနေနဲ့ ပိုမိုပွင့်လင်းမြင်သာမှုတွေ မြန်မာပြည်သူတွေကိုပြသစေချင်တယ်လို့ဆွေးနွေးခဲ့ကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံကအခြေအနေတွေ တိုးတက်ကောင်းမွန်လာတာမျိုး မရှိဘူးဆိုရင် ဂျပန်ကလက်ရှိပေးနေတဲ့ ODA ကိုသာမက အကူအညီအားလုံးကို ဖြတ်တောက်ဖို့ စဉ်းစားသွာမှာဖြစ်တယ်လို့  ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတဲဂိ တိုရှိမိဆုက Nikkei သတင်းစာမှာ ပြောထားပါတယ်။

6 months Ago
Up