လဲချား

September 14, 2021

လဲချားတွင် ရှေးဟောင်းဆင်းတုတော်နှင့် လက်ဝတ်ရတနာများ တူးဖော်တွေ့ရှိ

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ် ဝမ့်ဖိုင်အုပ်စု ဝမ့်မိုင်နောင်လုံကျေးရွာမှာ ရှေးဟောင်းဆင်းတုတော်နဲ့ လက်ဝတ်ရတနာတွေ တူးဖော်တွေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အဆိုပါကျေးရွာဘုန်းကြီးကျောင်းဝင်းထဲမှာ ရှေးဟောင်းစေတီ ၁၀ ဆူခန့်ရှိပြီး ကျောင်းထိုင်ဆရာတော်၊ ဂေါပကလူကြီးနဲ့ ရွာသားတွေက ပြုပြင်မွမ်းမံနေရာမှာ စက်တင်ဘာ ၁၂ ရက်နေ့က ရှေးဟောင်းဘုရားနဲ့ ပစ္စည်းတွေ တူးဖော်တွေ့ရှိတာလို့ လုပ်အားဒါနပြုသူ တစ်ဦးဖြစ်တဲ့ နန်းဆီမွေအွန်က ဒီဗွီဘီကို ပြောပါတယ်။ 

“ကျမတို့ အဲဒီမှာ စေတီအသစ်လည်း လှူထားပါတယ်။ ပြီးတော့ စေတီဟောင်းတွေ ပြုပြင်ဖို့ အားရင်အားသလိုသွားပြီး လုပ်အားဒါနပြုကြတယ်။ ရှေးဟောင်းဆင်းတုတော်နဲ့ ပစ္စည်းတွေ တွေ့တာကတော့ မြေကြီးတွေနဲ့ပိတ်နေတဲ့ စေတီတစ်ဆူပါ။ အဲဒီစေတီကို ပြန်ပြုပြင်ဖို့ မိုင်းဖုန်းဆရာတော် ကြွလာတုန်းက မိန့်ကြားထားတယ်။ တံခါးပေါက်ပုံစံကို တူးတော့ အထဲမှာ ဘုရားဆင်းတုတော်နဲ့ ကျောက်မျက်ရတနာတွေ တွေ့တယ်။ မြေအုတ်ဘုရား၊ စကျင်ကျောက်ဘုရားတွေနဲ့ ရှေးဟောင်းနားဆွဲ၊ ကြယ်သီး၊ လက်စွပ်၊ လည်ဆွဲ၊ ဆံထိုးတွေ ပါတယ်။ တချို့ ငွေနဲ့လုပ်ထားပြီး တချို့ ရွှေနဲ့လုပ်ထားတယ်။ ငွေဒင်္ဂါးပြားနဲ့ ကြုတ်ထဲ ထည့်ထားတဲ့ ပတ္တမြား၊ နီလာ၊ ပယင်းကျောက်တွေ တွေ့ပါတယ်ရှင့်။ ကျမတို့ အဲဒီပစ္စည်းတွေ အုံကြည့်နေတုန်း အနက်ရောင်မြွေကြီးတကောင် လူအုပ်ထဲဝင်လာလို့ လန့်ဖျပ်ပြီး ထွက်ပြေးကြတာ၊ နောက်တော့ မြွေကြီးက ဘုရားထဲပြန်ဝင်သွားတယ်။”

အဆိုပါစေတီဝင်းထဲမှာပဲ လွန်ခဲ့တဲ့ သုံး လေးလလောက်က စေတီမွမ်းမံသူတစ်ဦးမှာ ရွှေစတွေ တူးဖော်တွေ့ရှိပြီး အိမ်ယူသွားရာမှာ ညတိုင်း အိပ်မက်ဆိုးတွေ မက်နေလို့ မူလနေရာအတိုင်း ပြန်မြှုပ်ထားပေးခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။ 

ရှေးဟောင်းပစ္စည်းတွေဟာ ဘယ်ခေတ်ကမှန်းမသိပေမယ့် အသက် ၈၀ ကျော်အရွယ် ရွာသားတဦးကတော့ အဲဒီစေတီတွေဟာ သူတို့ အဘိုး အဘွားတွေ လက်ထက်ကတည်းက ရှိနေတာမို့ အနည်းဆုံး နှစ်ပေါင်း ၃၀၀ ကျော်မယ်လို့ ခန့်မှန်းပြောဆိုပါတယ်။

ဘုရားဂေါပကဖြစ်သူ ဦးန‌န္ဒော ဆိုသူကတော့ အဆိုပါနေရာမှာ ရှေးက စည်ကားတဲ့ မြို့ဟောင်းဖြစ်ခဲ့ဟန်တူကြောင်း၊ လက်ရှိမှာတော့ အိမ်ခြေ ၂၀ ကျော်သာရှိတဲ့ ရွာလေးတရွာသာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

တူးဖော်ရရှိတဲ့ ရှေးဟောင်းပစ္စည်းတွေကို ပြုပြင်မွမ်းမံပြီးပါက နဂိုမူလနေရာမှာပဲ ပြန်ပြီးဌာပနာထားဖို့ ရွာသားတွေက လိုလားပြီး ဂေါပကလူကြီးကတော့ ဆရာတော်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးမှ ဆုံးဖြတ်မယ်လို့ ပြောသွားပါတယ်။

2 years Ago

November 9, 2020

လဲချားတွင် ကျားခေါင်းပါတီက လွှတ်တော်သုံးရပ်လုံး မဲအများဆုံးရရှိ

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ်မှာ ကျားခေါင်းပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက လွှတ်တော်သုံးရပ်လုံးမှာ မဲအသာစီးရနေတယ်လို့ သိရပါတယ်။ မနေ့ညသန်းခေါင်အထိ ရေတွက်ပြီးသလောက် ကျားခေါင်းပါတီက  အမျိုးသား လွှတ်တော်ကိုယ်စားလှယ်မှာ ၁၁၈၈၄ မဲ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှာ ၁၂၅၃၅ မဲ၊ ပြည်နယ်မဲဆန္ဒနယ်မြေ ၁ မှာ ၅၈၀၈ မဲနဲ့ ပြည်နယ်မဲဆန္ဒနယ်မြေ ၂ မှာ ၇၃၆၁ မဲ ရထားတယ်လို့ လဲချားမြို့နယ် SNLD ပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းသူရိန်ဦးက ဒီဗွီဘီကို ပြောပါတယ်။  ကျားဖြူပါတီ (SNDP) ကတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်မှာ ၁၄၉၈ မဲ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဆင့်မှာ ၁၄၄၂ မဲ၊ ပြည်နယ်မဲဆန္ဒနယ်မြေ ၁ မှာ ၈၃၃ မဲနဲ့ ပြည်နယ် မဲဆန္ဒနယ်မြေ ၂ မှာ ၈၆၀ မဲ ရထားတယ်လို့ ဆိုပါတယ်။  ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP) ကတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်မှာ  ၂၄၀၃ မဲ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဆင့်မှာ ၂၃၆၅ မဲ၊ ပြည်နယ်မဲဆန္ဒနယ်မြေ ၁ မှာ ၁၄၄၇ မဲနဲ့ ပြည်နယ် မဲဆန္ဒနယ်မြေ ၂ မှာ  ၁၁၈၄ မဲ ရထားပါတယ်။  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်မှာ  ၁၁၀၂ မဲ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဆင့်မှာ ၁၁၄၆ မဲ၊ ပြည်နယ်မဲဆန္ဒနယ်မြေ ၁ မှာ ၉၁၆ မဲနဲ့ ပြည်နယ် မဲဆန္ဒနယ်မြေ ၂ မှာ  ၂၂၉ မဲ ရထားပြီး တအာင်းအမျိုးသားပါတီ TNP ကတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာမှာဘဲ ၆၅၅ မဲ ရရှိတယ်လို့ ဆိုပါတယ်။  လဲချားမြို့နယ်ထဲမှာ မြို့ပေါ်ရပ်ကွက် ၄ ရပ်ကွက် ကျေးရွာအုပ်စု ၁၉ စုရှိပြီး မဲပေးခွင့်ရသူ လူဦးရေ ၃၈၀၀၀ ကျော်ရှိကာ မဲရုံပေါင်း ၃၆ ရုံရှိပါတယ်။  အထက်ပါ မဲရလဒ်တွေကတော့ သက်ဆိုင်ရာမဲရုံတွေက ရလဒ်တွေကို ပေါင်းထားတာဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်ရဲ့ အတည်ပြုချက်ကိုရယူရဦးမှာဖြစ်ပါတယ်။  လောလောဆယ် သူတို့ပါတီက မဲအရေအတွက် အသာစီးရနေလို့ ကျေနပ်အားရမိကြောင်း၊ ဒါဟာ သူတို့ပါတီအနေနဲ့ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ လူထုအကျိုးပြုတာဝန်တွေကို ဆက်လက်ထမ်းဆောင်သွားဖို လဲချားပြည်သူတွေက SNLD ကို ယုံကြည်စိတ်ချစွာ တာဝန်ပေး အပ်လိုက်တယ်လို့ မှတ်ယူကြောင်း စိုင်းသူရိန်ဦးက ပြောပါတယ်။ 
2 years Ago
Up