လဲကန်ကျေးရွာ

September 4, 2021

ပုလဲမြို့ ပြည်သူ့ကာကွယ်ရေးပြောက်ကျားအဖွဲ့နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ လဲကန်ကျေးရွာနဲ့ ဝက်ကျကျေးရွာကြားမှာ စက်တင်ဘာ ၃ ရက် ညနေ ၆ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်နဲ့ ပုလဲပြည်သူ့ကာကွယ်ရေး ပြောက်ကျားအဖွဲ့တို့ တိုက်ပွဲ ပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၇ ယောက်ထက်မနည်း ကျဆုံးတယ်လို့ သိရပါတယ်။

ပုလဲပြည်သူ့ကာကွယ်ရေးပြောက်ကျားအဖွဲ့ ခေါင်းဆောင်တဦးက “တိုက်ပွဲဖြစ်တာက ဟုတ်တယ်ဗျ။ ဒီကောင်တွေ ကျေးရွာတွေကို စစ်ကြောင်း နှစ်ကြောင်း ထိုးတာ။ ပထမရှေ့ပြေးအဖွဲ့ကို ကျနော်တို့က မိုင်းခွဲတိုက်ခိုက်တာ ၇ ယောက်ထက်မနည်း ကျဆုံးလောက်တယ်။ အင်အား ၃၀ လောက် ရှိမယ်။ ကျေးရွာတွေက အပြစ်မဲ့ပြည်သူတွေရဲ့ တန်ကြေးရှိတဲ့ ဆိုင်ကယ်တွေယူပြီး ပုလဲ၊ ဂန့်ဂေါသွား ကားလမ်း ၅၅ မိုင်ဂိတ်ကို ပြန်တာ။ တဖွဲ့က ဝက်ကျ ဆေးရုံမှာ တပ်စွဲ နောက်ချန်နေခဲ့တာလည်း ရှိသေးတယ်။ ဒီတိုက်ပွဲမှာက ကျနော်တို့ PDF ဘက်က အကျအဆုံး မရှိခဲ့ဘူး။ ကျနော်တို့ဘက်က ပြောက်ကျားတိုက်ခိုက်တာ” လို့ ပြောပါတယ်။

ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်တွေက  နေ့စဉ်နေ့တိုင်း ဝင်ရောက်ရှာဖွေမှုတွေ ပြုလုပ်ကာ အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး တန်ကြေးရှိတဲ့ လက်ဝတ်ရတနာနဲ့ ငွေကြေးတွေအပြင် တန်ကြေးရှိ ဆိုင်ကယ်တွေကိုပါ ယူဆောင်သွားကြပါတယ်။ 

စက်တင်ဘာ ၃ ရက်‌က စစ်ဘက်သုံး ဂျက်လေယာဉ်တွေ အသုံးပြုပြီး ကင်းလှည့်တာတွေ ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပုလဲမြို့နယ် တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

3 months Ago
Up