.လေ့လာ

February 5, 2021

ကိုဗစ်ဇစ်မြစ်ရှာဖွေရေး တရုတ် လင်းနို့ဂူများ လေ့လာရန်လိုအပ်

ကိုဗစ်-၁၉ ရောဂါဇစ်မြစ်အား ရှာဖွေဖို့  တရုတ်ပြည်က လင်းနို့ဂူတွေကို လေ့လာဖို့ လိုအပ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင်တစ်ဦးက ဖေဖော်ဝါရီ ၄ ရက်မှာ ပြောဆိုပါတယ်။ 

ဇီဝဗေဒပညာရှင်နဲ့ တိရစ္ဆာန်ရောဂါ ကျွမ်းကျင်သူ ပီတာ-ဒါဆက်က ဗိုင်းရပ်စ်ကနေ ကပ်ရောဂါ ဘယ်လိုဖြစ်သွားလဲဆိုတဲ့ အချက်အလက်သစ်ကို ရထားတယ်လို့ ဆိုပါတယ်။ 

အဲဒီအကြောင်းကို အကျယ်တဝင့် မဖော်ပြပေမယ့် ဗိုင်းရပ်စ်ဟာ ဓာတ်ခွဲခန်းက ထွက်လာတယ်ဆိုတဲ့ အထောက်အထားမရှိဘူးလို့ ဆိုပါတယ်။ 

၂၀၀၂ နဲ့ ၂၀၀၃ ခုနှစ်တုန်းက တရုတ်အနောက်တောင်ပိုင်း ယူနန်ပြည်နယ်က လင်းနို့ဂူတွေမှာ ပြင်းထန်အဆုတ်ရောင် အသက်ရှူလမ်းကြောင်းရောဂါ (SARS) ရဲ့ ဇစ်မြစ်ကို သုတေသနလုပ်တုန်းက ဒါဆက်ဟာ ပါဝင်ခဲ့ပါတယ်။ 

"သေစေနိုင်တဲ့ ဗိုင်းရပ်စ်ဇစ်မြစ်ကို ရှာဖွေမယ်၊ ပြီးရင် အဲဒီတိရစ္ဆာန်တွေနဲ့ ထိတွေ့တာကို လျော့နည်းစေမယ်၊ နောက်ပြီး လူတွေ ထိခိုက်စေတဲ့ အပြုအမူတွေကို လျော့နည်းစေပြီး ကပ်ရောဂါကို ကြိုကာကွယ်မယ်ဆိုရင် လင်းနို့ဇစ်မြစ်ကို ရှာဖွေတဲ့ အလုပ်ဟာ အရေးကြီးပါတယ်" လို့ ဒါဆက်က ပြောပါတယ်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ စုံစမ်းရေးမှူးတွေရဲ့ ဝူဟန်မြို့ သွားလာရမယ့်နေရာတွေကို ကန့်သတ်ခဲ့ပေမယ့် သူတို့ဟာ ဆေးရုံတွေ၊ သုတေသနစင်တာတွေနဲ့ ကိုရိုနာဗိုင်းရပ်စ် ပထမဆုံးတွေ့ရှိတဲ့ ပင်လယ်စာဈေးကို သွားရောက်ခဲ့တယ်လို့ ရိုက်တာက တင်ပြပါတယ်။

2 years Ago
Up