လေ့ကျင့်ရေးနောက်ကျ

October 24, 2020

လေ့ကျင့်ရေးနောက်ကျသဖြင့် ဂရင်းဝုဒ်ကို လူစာရင်း၌ ချန်လှပ်ခဲ့ခြင်း မဟုတ်ဟု ဆိုးလ်ရှား ပြော

အချိန်မလေးစားလို့ ဂရင်းဝုဒ်ကို အသင်းလူစာရင်းကနေ ချန်လှပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ငြင်းလိုက်ပါတယ်။  ဆယ်ကျော်သက်ကစားသမားဟာ ယူနိုက်တက်နောက်ဆုံးကစားခဲ့တဲ့ နယူးကာဆယ်၊ ပီအက်စ်ဂျီအသင်းတို့နဲ့ ၂ ပွဲစလုံးကို လွဲချော်ခဲ့သူဖြစ်ပြီး သူဘာလို့ မပါသလဲဆိုတဲ့ မေးခွန်းတွေ လည်း ထွက်ပေါ်လာပါတယ်။  ဂရင်းဝုဒ်ဟာ လေ့ကျင့်ရေးကို နောက်ကျလို့ ဒဏ်ပေးတဲ့အနေနဲ့ လူစာရင်းကနေ ချန်လှပ်ခံရတာလို့ မီဒီယာတွေမှာ ရေးသားခဲ့တဲ့အပေါ် နည်းပြ ဆိုးလ်ရှားက လုံးဝမဟုတ်ဘူးလို့ ငြင်းပါတယ်။ “သူ လက်ရွေးစင်အသင်းမှာ အမှားလုပ်ခဲ့တာကြောင့် အင်္ဂလိပ်မီဒီယာအကုန်လုံးက သူ့နောက်ကို လိုက်တော့တာပါပဲ။ ဒါဟာ ကျနော်တို့ ရပ်တန့်သင့်တဲ့အရာပါ။ သူဟာ အလုပ်ကြိုးစားတဲ့ လူငယ်လေးပါ။ ထွက်နေတဲ့သတင်းတွေအတွက် စိတ်ပျက်မိပါတယ်။ သူဟာ လေ့ကျင့်ရေးကွင်းကို တခါမှ နောက်ကျခဲ့ဖူးတာ မရှိသလို လေ့ကျင့်ရေးကွင်းမှာလည်း ဘာပြသနာမှ မရှိပါဘူး။ သတင်းတွေမှာ  ရေးနေတာနဲ့ ယူနိုက်တက် ကစားသမားဟောင်းတချို့ ပြောနေတာတွေ မြင်တွေ့နေရပါတယ်။ တကယ်တော့ သူတို့က သူတို့ ဘာပြောလို့ ပြောမိနေမှန်းတောင် မသိပါဘူး။ ကျနော်တို့ လေ့ကျင့်ရေးကွင်းရှေ့မှာ ဓာတ်ပုံဆရာတွေ နေ့တိုင်း ရှိနေပါတယ်။ သူတို့က ဂရင်းဝုဒ် နောက်မကျဘူးဆိုတာကို သိပါတယ်။”  ဂရင်းဝုဒ်ဟာ လေ့ကျင်းရေးကွင်းမှာ ကြိုးစားသူဖြစ်တယ်လို့လည်း နည်းပြဆိုးရှားက ပြောပါတယ်။ “ဒီသတင်းတွေကို ဘယ်သူစပြီးဖြန့်လိုက်သလဲဆိုတာတော့ မသိပါဘူး။ ဒါပေမဲ့ ဂရင်းဝုဒ်မှာ  ကောင်းမွန်တဲ့ မိသားစုနဲ့ အကယ်ဒမီမှာလည်း ကောင်းမွန်တဲ့ ဂုဏ်သတင်းရှိပါတယ်။ သူဟာ လေ့ကျင့်ရေးကွင်းမှာလည်း ကြိုးစားသူ ဖြစ်ပါတယ်။ သူ့ကို ပရော်ဖက်ရှင်နယ်မဆန်ဘူးလို့ ပြောနေတဲ့သတင်းတွေကို ကျနော်တို့ ယုံလို့ မရပါဘူး။ ဒါဟာတခြား ကစားသမားတွေအတွက်လည်း ဖြေရှင်းပေးရမယ့်ပြဿနာ ဖြစ်ပါတယ်။ တခြား ယူနိုက်တက် ကစားသမားတွေလည်း ဒီလို အခြေအနေမျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။” ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းဟာ အောက်တိုဘာ ၂၄ ရက် ည ၁၁ နာရီမှာ ချဲလ်ဆီး အသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။  ဒီပွဲမှာ ဂရင်းဝုဒ်ဟာ အသင်းခေါင်ဆောင် မက်ဂွိုင်းယားနဲ့အတူ အသင်းလူစာရင်းမှာ ပြန်လည်ပါဝင်လာနိုင်ပြီး ကစားသမားသစ် ကာဗာနီဟာလည်း ယူနိုက်တက်အသင်းအတွက် ပွဲဦးထွက်ကို ကစားရဖို့ ရှိပါတယ်။
1 year Ago
Up