နယူးယောက်ပြည်နယ်မှာ ယခင်က လူ ၁၀ ဦးအထိသာ စုဝေးခွင့်ပြုထားရာက လော့ဒေါင်း ဖြေလျှော့မှုအနေနဲ့ လူ ၂၅ ဦးအထိ တိုးချဲ့စုဝေးခွင့်ပြုလိုက်ပြီလို့ ပြည်နယ်အုပ်ချုပ်ရေးမှူး အင်ဒရူးကွာမိုက ဇွန် ၁၅ ရက်နေ့မှာ ပြောပါတယ်။
သူက ပြည်နယ်တွင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာဦးရေနဲ့ ဆေးရုံတင်ရနှုန်းတွေ ဆက်လက် ကျဆင်းနေတယ်လို့လည်း ဆိုပါတယ်။
ကွာမိုက ဒေသဆိုင်ရာ အစိုးရတွေအနေနဲ့ လူချင်းခပ်ခွာခွာနေဖို့ social distancing စည်းမျဉ်းတွေကို ဦးစားပေးလုပ်ဆောင်ဖို့ တိုက်တွန်းခဲ့သလို နယူးယောက်မြို့ ဘားဆိုင်တွေပြင်ပ လမ်းတွေပေါ်မှာ လူအုပ်စုတွေ စုဝေးနေတဲ့ပုံတွေကိုလည်း ဝေဖန်ခဲ့ပါတယ်။
ဒီအတွင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ကွာမိုဟာ ပြီးခဲ့တဲ့အပတ်ကလည်း ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး ဥပဒေတရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒါကြောင့် နယူးယောက်မြို့တော်ရဲတပ်ဖွဲ့ဟာ ရာဇဝတ်မှုတိုက်ဖျက်ရေးဌာနက ရဲဝန်ထမ်း ၆၀၀ ကို အခြားတာဝန်တွေကို ပြောင်းလဲ ထမ်းဆောင်စေတော့မှာ ဖြစ်ပါတယ်။
ဒါဟာ နိုင်ငံရဲ့အကြီးဆုံးရဲတပ်ဖွဲ့နဲ့ ပြည်သူတွေကြား ယုံကြည်မှုတည်ဆောက်ဖို့ ဖြစ်တယ်လို့ ရဲမင်းကြီး ဒါမော့ရှီးယားက ပြောကြားတာကို ရိုက်တာသတင်းက ဖော်ပြထားပါတယ်။
9 months Ago