လော့ဒေါင်းစည်းမျဉ်း

October 24, 2020

လော့ဒေါင်းစည်းမျဉ်း ချိုးဖောက်သည့် ချက်ကျန်းမာရေးဝန်ကြီးကို နုတ်ထွက်ခိုင်း

လော့ဒေါင်းစည်းမျဉ်း ချိုးဖောက်ခဲ့တဲ့ ချက်သမ္မတနိုင်ငံ ကျန်းမာရေးဝန်ကြီးကို  ဝန်ကြီးချုပ်ဖြစ်သူက အောက်တိုဘာ ၂၃ ရက်မှာ  ရာထူးက နုတ်ထွက်ခိုင်းခဲ့ပါတယ်။  ကျန်းမာရေးဝန်ကြီး ရိုမန်ပရိုင်ရူမာကို ကိုဗစ်တားမြစ်ချက်နဲ့ ပိတ်ထားတဲ့ စားသောက် ဆိုင်တခုမှာ တွေ့ခဲ့ပြီး နှာခေါင်းစည်းမပါဘဲ ကားထဲဝင်ခဲ့တဲ့ ဓာတ်ပုံတွေကို ဘလက်စ်သတင်းစာက ဖော်ပြခဲ့ပါတယ်။  ဓာတ်ပုံတွေအရ ကျန်းမာရေးဝန်ကြီးဟာ  ပိတ်ထားတဲ့ဆိုင်မှာ တွေ့ဆုံတာရော၊ ဇိမ်ခံကားပေါ်နဲ့ နေရာအများစုမှာ နှာခေါင်းစည်း မတပ်တာက ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်တဲ့ သဘောသက်ရောက်ပါတယ်။  ဒါပေမဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ကျန်းမာရေးဝန်ကြီး ပရိုင်မူလာက သူဟာ တခြား အရာရှိ နှစ်ဦးနဲ့ သီးသန့်အခန်းတခုမှာ တွေ့ဆုံခဲ့ပြီး ကားပေါ် ရောက်ရောက်ချင်း နှာခေါင်းစည်း တပ်တယ်လို့ ပြောကာ ဝန်ကြီးချုပ်ရဲ့ နုတ်ထွက်ဖို့ ပြောဆိုချက်ကို လက်မခံခဲ့ပါဘူး။  ဥရောပရဲ့ ကိုရိုနာဗိုင်းရပ်စ်အမြန်ကူးစက်မှုကို ချက်အစိုးရအနေနဲ့ နှေးကွေးအောင် ကြိုးပမ်း နေချိန်မှာ ဒီလို သတင်းမျိုး ထွက်ပေါ်ခဲ့တာပါ။   ရောဂါဗေဒပညာရှင် တဦးနဲ့ ဗိုလ်မှူးတဦးလည်းဖြစ်တဲ့ ပရိုင်မူလာကို ဝန်ကြီးချုပ် အန်ဒရေ ဘတ်ဘစ်က ဆိုးရွားနေတဲ့ ကိုဗစ်-၁၉ အခြေအနေကို စီမံကွပ်ကဲဖို့ လွန်ခဲ့တဲ့ ၁ လက တာဝန်ပေး ခဲ့တာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 
6 months Ago

May 6, 2020

လော့ဒေါင်းစည်းမျဉ်း ချိုးဖောက်မှုကြောင့် ဗြိတိန် ကပ်ရောဂါဗေဒပညာရှင် ရာထူးက နုတ်ထွက်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတုံ့ပြန်ရေးဆိုင်ရာ ဗြိတိန် အစိုးရအကြံပေးတယောက်ဟာ အသွားအလာ ကန့်သတ်တဲ့ လော့ဒေါင်းစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်လို့ သတင်းထွက်ခဲ့ပြီးနောက် မေ ၅ ရက်က ရာထူးကနေ နုတ်ထွက်သွားပါတယ်။ ကပ်ရောဂါဗေဒပညာရှင် နေးလ်ဖာဂူဆန်ဟာ လော့ဒေါင်းကာလအတွင်း အမျိုးသမီး မိတ်ဆွေတယောက်နဲ့ တွေ့ဆုံခဲ့တယ်လို့ Daily Telegraph သတင်းက ဖော်ပြခဲ့ပါတယ်။    ဖာဂူဆန်ဆီကို အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတယောက် နှစ်ကြိမ် လာရောက်တယ်လို့  Telegraph သတင်းက ဆိုပါတယ်။ ဒါဟာ  နိုင်ငံသားတိုင်း  ဈေးဝယ်တာ၊  လေ့ကျင့်ခန်းထွက်လုပ်တာ၊  ဆေးဘက်ဆိုင်ရာ လိုအပ်ချက် ရှိတာနဲ့ အိမ်ကနေ အလုပ်လုပ်လို့မရတဲ့ အခြေအနေမျိုးမှသာ အပြင်ထွက်ရမယ်ဆိုတဲ့ စည်းကမ်းချက်ကို ချိုးဖောက်တာပါ။ အဲဒီနောက်မှာတော့ ဖာဂူဆန်ဟာ ဗြိတိန်အစိုးရ မူဝါဒကို ပုံဖော်ပေးနေတဲ့ အရေးပေါ် ဆိုင်ရာ သိပ္ပံအကြံပေးအဖွဲ့အစည်း (SAGE) ကနေ နုတ်ထွက်တယ်လို့ ပြောပါတယ်။ ဆိုးရွားလှတဲ့ ကပ်ရောဂါကို ထိန်းချုပ်ဖို့ ခပ်ခွာခွာနေဖို့ ဆက်လိုအပ်တယ်ဆိုတဲ့  သတင်းစကားကို ထိခိုက်စေတဲ့အတွက် အလွန်စိတ်မကောင်း ဖြစ်မိတယ်လို့လည်း ဖာဂူဆန်ရဲ့ သတင်းထုတ်ပြန်ချက်မှာ  ရေးသားဖော်ပြထားပါတယ်။
12 months Ago
Up