လောင်းကစားဘုရင်

May 26, 2020

မကာအို လောင်းကစားဘုရင် ကာစီနိုသူဌေးကြီး စတဲန်လေဟို ကွယ်လွန်

မကာအိုရဲ့ လောင်းကစားဘုရင်လို့ တင်စားပြောဆိုကြရတဲ့ ကာစီနိုသူဌေးကြီး စတဲန်လေဟိုဟာ ဒီကနေ့မှာ ကွယ်လွန်သွားပြီလို့ သူ့ရဲ့ မိသားစုဝင်တွေက အတည်ပြု ပြောပါတယ်။ အာရှရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တဦးဖြစ်တဲ့ စတဲန်လေဟိုဟာ သေဆုံးချိန်မှာတော့ အသက် ၉၈ နှစ်အရွယ် ရှိနေပြီ ဖြစ်ပါတယ်။ “ကျမအဖေဟာ ဟောင်ကောင်က  Hong Kong Sanatorium and Hospital မှာ ဒီနေ့ နေ့လယ် ၁ နာရီလောက်က ငြိမ်းငြိမ်းချမ်းချမ်းပဲ ဘဝတပါးကို ထွက်ခွာသွားခဲ့ပါပြီ” လို့ သမီးဖြစ်တဲ့ ပဲန်စီက သတင်းထောက်တွေကို ပြောပါတယ်။ စတဲန်လေဟိုဟာ မကာအိုကို ကမ္ဘာ့လောင်းကစားမြို့တော်အဖြစ် ပြောင်းလဲပေးခဲ့သူလို့ လူသိများပြီး သူပိုင်ဆိုင်တဲ့ ကမ္ဘာ့အမြတ်အစွန်းအများဆုံး လောင်းကစားလုပ်ငန်းကုမ္ပဏီ SJM Holdings ဟာ အမေရိကန်ဒေါ်လာ ၆ ဘီလီယံလောက် တန်ဖိုးရှိနေပါတယ်။ သူဟာ ၁၉၆၀ ပြည့်လွန်နှစ်ကာလကစလို့ မကာအိုမှာ ကြီးစိုးထားတဲ့ ပေါ်တူဂီတွေဆီက လိုင်စင်ရ လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့်ရရှိခဲ့ပြီးနောက်မှာတော့ လုပ်ငန်းတန်ခိုးဩဇာ ကြီးထွားလာခဲ့ကာ ဟောင်ကောင်မှာ လူနေအဆောက်အအုံနဲ့ စီးပွားရေးအဆောက်အအုံ တည်ဆောက်တာမျိုးတွေ၊ မြောက်ကိုရီးယားနဲ့ ပေါ်တူဂီအပါအဝင် တခြားနိုင်ငံတွေထိ ကာစီနိုလောင်းကစားရုံတွေ တိုးချဲ့လည်ပတ်နိုင်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ သူ့အသက် ၉၇ နှစ်ပြည့်မွေးနေ့ရောက်ဖို့ လပိုင်းအလို ၂၀၁၈ ခုနှစ်မှာ တာဝန်က အနားယူချိန်မှာတော့ သူ့ရဲ့ ပိုင်ဆိုင်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၆ ဒသမ ၄ ဘီလီယံ ရှိနိုင်တယ်လို့ ခန့်မှန်းထားကြတာပါ။ ကခုန်ရတာကို နှစ်သက်တဲ့ စတဲန်လေဟိုဟာ လောင်းကစားလုပ်ငန်းနဲ့ ကြီးပွားအောင်မြင်သူ ဖြစ်ပေမယ့် သူ့ရဲ့မိတ်ဆွေတွေ၊ မိသားစုဝင်တွေကိုတော့ လောင်းကစားမလုပ်ကြဖို့ ပြောဆိုလေ့ရှိသူ တယောက် ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာတော့ သူ့မှာ ဇနီး ၄ ယောက်ကနေ ရရှိထားတဲ့ ရင်သွေးသားသမီး ၁၇ ယောက် ကျန်ရစ်ပါတယ်။
11 months Ago
Up