လောင်စာလှောင်ကန် ပေါက်ကွဲမှု

August 16, 2021

လက်ဘနွန်တွင် လောင်စာလှောင်ကန် ပေါက်ကွဲမှုကြောင့် လူ ၂၈ ဦးထက်မနည်း သေဆုံး

လက်ဘနွန်နိုင်ငံမြောက်ပိုင်းမှာ လောင်စာလှောင်ကန်တခု သြဂုတ် ၁၅ ရက်မှာ ပေါက်ကွဲခဲ့လို့ လူ ၂၈ ယောက်ထက်မနည်း သေဆုံးပြီး ၇၉ ယောက် ဒဏ်ရာရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

စစ်တပ်က မှောင်ခိုကုန်သည်တွေ ဝှက်ထားတဲ့ လောင်စာလှောင်ကန်ကို သိမ်းပြီး ဓာတ်ဆီတွေကို ဒေသခံတွေဆီ ဝေပေးနေတုန်း ပေါက်ကွဲတာလို့ စစ်ဘက်နဲ့ လုံခြုံရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

ပေါက်ကွဲချိန်မှာ အနားမှာ လူ ၂၀၀ လောက် ရှိတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ အဆိုးဆုံး မီးလောင်ခံထားရတဲ့ လူတွေကို အသက်ကယ်ဖို့ နိုင်ငံခြားမှာ အမြန်ကုဖို့ လိုကောင်းလိုမယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

သေဆုံး ဒဏ်ရာရသူတွေထဲမှာ စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်း ပါတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

လူတချို့ အငြင်းအခုံဖြစ်ရာက သေနတ်နဲ့ ပစ်လို့ ဓာတ်ဆီလှောင်ကန်ကို ထိပြီး ပေါက်ကွဲခဲ့တာလို့ လုံခြုံရေးသတင်းရင်းမြစ်က ပြောပါတယ်။ မီးခြစ်ခြစ်တဲ့လူကြောင့် ပေါက်ကွဲတာလို့ လည်း မျက်မြင်သက်သေတွေကို ကိုးကားပြီး ဒေသခံ အယ်လ်ဂျာဒိ ရုပ်သံက ဖော်ပြထားပါတယ်။

လက်ဘနွန်ဟာ နက်ရှိုင်းတဲ့ စီးပွားရေး အကျပ်အတည်းထဲမှာ ကျရောက်နေပြီး လောင်စာ ပြတ်တောက်မှု၊ ဆေးဝါးနဲ့ တခြား မရှိမဖြစ်ပစ္စည်းတွေ ပံ့ပိုးမှု နည်းပါးတာတွေေကြောင့် လာမယ့် ရက်တွေအတွင်း ဆေးရုံတွေ ပိတ်ရနိုင်တယ်လို့ ဆေးရုံတွေက သတိပေးထားပါတယ်။

လက်ဘနွန်နိုင်ငံမှာ လောင်စာဆီ ဆိုးဆိုးရွားရွား ပြတ်တောက်နေပြီး ဓာတ်ငွေ့အရောင်းဆိုင်တွေမှာ ကားတန်းရှည်ကြီး တန်းစီနေရသလို မီးပျက်ချိန်တွေလည်း ပိုကြာလာနေပါတယ်။

4 months Ago
Up