လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ ဇာရာဏီ ရေနံချက်စက်ရုံက လောင်စာလှောင်ကန်တခု အောက်တိုဘာ ၁၁ ရက်က မီးလောင်ပါတယ်။
မီးတောက်ကို ထိန်းချုပ်ဖို့ မီးသတ်သမားတွေ ကြိုးစားခဲ့ကြပြီး မီးကိုထိန်းချုပ်နိုင်ပြီလို့ လက်ဘနွန် ဝန်ကြီးချုပ်ရုံးက စွမ်းအင်ဝန်ကြီးကို ကိုးကားပြီး ကြေညာပါတယ်။
မီးက ကူးစက်ပြီး ပေါက်ကွဲမှာ စိုးရိမ်လို့ ဒေသတွင်းက လူတွေကို စစ်တပ်က ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့တယ်လို့ ဒေသခံရုပ်သံမီဒီယာ ဖော်ပြထားပါတယ်။ လောင်စာပြတ်လပ်နေတဲ့ လက်ဘနွန်နိုင်ငံမှာ ဒီမီးဘေးဟာ နောက်ဆုံး ကပ်ဘေးပါ။
လက်ဘနွန်မှာ စီးပွားရေး အကျပ်အတည်း နက်ရှိုင်းနေလို့ နိုင်ငံရဲ့ အကြီးဆုံးလျှပ်စစ်ဓာတ်အားပေး စက်ရုံ ၂ ရုံကို အောက်တိုဘာ ၉ ရက်က ပိတ်ပစ်ခဲ့ရတာကြောင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကွန်ရက် လုံးဝ ရပ်သွားခဲ့ပါတယ်။
ခေတ်သစ်သမိုင်းမှာ အနက်ရှိုင်းဆုံး စီးပွားပျက်ကပ်ဆိုက်နေတဲ့ လက်ဘနွန်နိုင်ငံလူဦးရေရဲ့ လေးပုံ သုံးပုံက ဆင်းရဲမွဲတေနေပြီး ငွေတန်ကြေးတန်ဖိုးလည်း ကျန်ခဲ့တဲ့ ၂ နှစ်အတွင်း ၉၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။