လေယာဉ်ဖြင့် ပို့ဆောင်

August 4, 2021

ကလေးမြို့ကို စစ်တပ်အင်အားအများအပြား လေယာဉ်ဖြင့် ပို့ဆောင်

စစ်ကိုင်းတိုင်း ကလေးမြို့ လေဆိပ်မှာ ဩဂုတ် ၃ ရက်နေ့က စစ်လေယာဉ်နဲ့ စစ်ကောင်စီတပ်သား အများအပြား ရောက်ရှိလာတာတွေ့ရတယ်လို့  ကလေးမြို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက "ကျနော်တို့ ကလေးမြို့လေယာဉ်ကွင်းကို စစ်သားအပြည့်တင်ဆောင်လာတဲ့ စစ်လေယာဉ် တစ်ရက်တည်း သုံးကြိမ်ဆင်းပြီး  စစ်သားတွေ လာပို့တယ်ဗျ။ အချိန်ကတော့ အတိကျမှတ်မထားလိုက်မိဘူး။ ခန့်မှန်းကတော့ မနက် ၉ နာရီကတစ်ကြိမ် စစ်သားတွေလာပို့တယ်၊ ၁၂ နာရီက တစ်ကြိမ်နဲ့ ညနေ ၃ နာရီလောက်ကတစ်ကြိမ်အားလုံးပေါင်း တစ်ရက်တည်း စစ်သားအင်အားလည်း တော်တော်များတယ်။ လေယာဉ်ကွင်းကနေ စစ်ကားတွေနဲ့ မင်းကင်းဘက် ၇ စီးနဲ့ မင်းတပ်ဘက် ၁၁ စီး သွားတယ် ထင်တာပဲ” လို့ ပြောတယ်။

ကလေးမြို့မှာ တိုက်ပွဲတွေမရှိဘဲ အခုလို စစ်တပ်အင်အားအများအပြား ဒေသတွင်းကို တိုးချတာနဲ့ပတ်သက်ပြီး က‌လေးမြို့ခံတွေက စိုးရိမ်နေကြပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်- မတူပီလမ်းပိုင်းမှာ ဇူလိုင်လကုန်ပိုင်းက CDF-မင်းတပ်၊ CNF၊ CDF-မတူပီ ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဇော်ဇော်စိုး အပါအဝင် အများအပြားသေဆုံးခဲ့ပြီး  ဒေသတွင်းစစ်ရေးအခြေအနေ တင်းမာနေတာလို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့နဲ့  လေးလအတွင်း တိုက်ပွဲ ရှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ  အနည်းဆုံး ၁၀၀ လောက်ကျဆုံးကာ   ၄၀ ကျော် ဒဏ်ရာရသွားတယ်လို့လည်း ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ (CNDF)ကလည်း  ထုတ်ပြန်ထားပါတယ်။  

စစ်တပ်အာဏာသိမ်းချိန်ကစပြီး ကလေးမြို့ရဲ့ လမ်းမတွေပေါ်မှာ စစ်အာဏရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ပွဲတွေ နေစဉ်လိုလို ပြုလုပ်နေကြသလို စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေမှာလည်း အကြမ်းဖက်စစ်တပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက ရရာလက်နက်စွဲကိုင် တော်လှန်နေကြတာ ဖြစ်ပါတယ်။

4 months Ago
Up