လေယာဉ်စီးခဲ့သူများ

A d v e r t i s e m e n t With Us

March 25, 2020

တီးတိန်မြို့က COVID-19 လူနာနှင့်အတူ လေယာဉ်စီးခဲ့သူများကို နေအိမ်တွင်စောင့်ကြည့်နေ

ချင်းပြည်နယ်၊ တီးတိန်မြို့က ကိုရိုနာဗိုင်းရပ်စ်ရောဂါ အတည်ပြုလူနာနဲ့အတူ လေယာဉ်စီးခဲ့သူ အားလုံးနီးပါးကို အဆက်အသွယ်ရထားပြီး အိမ်မှာပဲ နေဖို့တိုက်တွန်းထားတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူတယောက်က ပြောပါတယ်။ အမေရိကန်ကပြန်လာတဲ့ အသက် ၃၆ နှစ်အရွယ် ချင်းအမျိုးသားဟာ ရန်ကုန်ကနေ ကလေးမြို့ကို လေယာဉ်နဲ့သွားခဲ့ပြီး တီးတိန်မြို့ကိုရောက်ပြီးနောက်မှာမှ ကိုရိုနာဗိုင်းရပ်စ် ကူးခံထားရတယ်ဆိုတာ သိခဲ့ရတာပါ။ ဒါကြောင့် သူနဲ့အတူ လေယာဉ်စီးခဲ့သူအားလုံးကို ကျန်းမာရေးတာဝန်ရှိသူတွေက ဆက်သွယ်ပြီး ရောဂါထိန်းချုပ်ရေးသတ်မှတ်ချက်တွေအတိုင်းနေဖို့ တိုက်တွန်းခဲ့တာပါ။ ကလေးမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆရာဝန်တယောက်က “ကျနော်တို့ မနေ့က ၄၈ ယောက် အဆက်အသွယ်ရပါတယ်။ ဒီမနက်မှာတော့ ၂ ယောက် ထပ်ပြီး အဆက်အသွယ်ရပါတယ်။ တယောက်ပဲ အဆက်အသွယ်မရသေးတာပါ။ တဝက်လောက်ကတော့ ကလေးမြို့ပေါ်မှာ ရှိနေပြီး ကျန်တဲ့သူတွေကတော့ တောင်ပေါ် (ချင်းပြည်နယ်) ကိုရောက်သွားပါပြီ” လို့ ပြောပါတယ်။ တခြားမြို့တွေကိုရောက်သွားသူတွေအတွက် သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေကို ဆက်သွယ်ပြီး အိမ်မှာနေထိုင်ဖို့အကြောင်းတိုက်တွန်းဖို့နဲ့ စောင့်ကြည့်ဖို့ကို အကြောင်းကြားထား တယ်လို့ ဆိုပါတယ်။ လူနာဟာ မတ် ၁၇ ရက်မှာ ကလေးကနေ တီးတိန်ကို ပြည်ချစ်သားလိုင်းကားနဲ့ ထွက်ခွာခဲ့တာဖြစ်ပြီး ကားပေါ်မှာ လူ ၁၂ ယောက်ပါလာတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ သူနဲ့ ခရီးစဉ်တွေမှာ ထိတွေ့ခဲ့သူတွေအနေနဲ့ နီးစပ်ရာကျန်းမာရေးဌာနတွေကို အမြန်ဆက်သွယ်ကြဖို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။  တီးတိန်မြို့မှာ ရောဂါပြန့်ပွားတာ လွယ်စေမယ့် လူစုလူဝေးတွေ မလုပ်ဖို့နဲ့ အဝင်အထွက်မလုပ်ကြဖို့ မြို့နယ်အုပ်ချုပ်ရေးက ဒေသန္တရအမိန့်ထုတ်ပြန်လိုက်ပြီး ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေမှာ လူစုလူဝေးနဲ့ မတက်ဘဲ အွန်လိုင်းစနစ်နဲ့ပဲ ဆုတောင်းကြဖို့၊ နာရေးပေါ်လာရင်လည်း တရက်အတွင်းမှာ လူဦးရေ အနည်းဆုံးနဲ့ ဆောင်ရွက်ဖို့၊ တည်ဆောက်ရေးလုပ်ငန်းတွေမှာ ပန်းရံ၊ လက်သမားတွေကို လူစုလူဝေးနဲ့မလုပ်ခိုင်းဖို့ တားမြစ်ထားပါတယ်။ ကလေးမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆရာဝန်တယောက်က “ကလေးမြို့ပေါ်မှာ ရှိနေသူတွေကိုတော့ ကျနော်တို့ ကျန်းမာရေးဌာနက နေ့စဉ်သွားပြီး ကိုယ်အပူချိန်တိုင်းတာ၊ ကျန်းမာရေး အခြေအနေစစ်တာတွေလုပ်ပါတယ်။ တနေကုန် စောင့်ကြည့်ဖို့ကတော့ ကျနော်တို့ ကျန်းမာရေးဘက်ကလုပ်ဖို့ မဖြစ်နိုင်ပါဘူး။ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးတွေ ပါတဲ့ ကော်မတီက စောင့်ကြည့်ပါတယ်။ ဒီကိစ္စက ပြည်သူတွေလည်းပါမှဖြစ်မယ်” လို့ ပြောပါတယ်။ လတ်တလောစုံစမ်းမေးမြန်းထားသလောက်တော့ လေယာဉ်မှာ အတူပါလာသူအားလုံးဟာ ကျန်းမာရေးကောင်းတယ်လို့ သိရကြောင်းလည်း သူက ပြောပါတယ်။  ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ မတ် ၂၄ ရက်နေ့လယ်အချိန်ထိ မြန်မာနိုင်ငံမှာ သံသယနဲ့ စောင့်ကြည့်လူနာ ၂၃၇ ယောက်တွေ့ခဲ့ပြီး ရောဂါသက်သာပျောက်ကင်းလို့ ဆေးရုံက ဆင်းသွားသူ ၁၃၄ ယောက်ရှိပြီဖြစ်ပါတယ်။ ဒီမနက်အချိန်ထိ ကိုရိုနာဗိုင်းရပ်စ် COVID-19 အတည်ပြုလူနာ ၃ ယောက်ရှိပြီး သံသယနဲ့ စောင့်ကြည့်လူနာတွေထဲက တခြားရောဂါတွေနဲ့ သေဆုံးခဲ့သူ ၁၃ ယောက်ရှိပါတယ်။ တိုင်းနဲ့ပြည်နယ်အသီးသီးက ဆေးရုံတွေ၊ ဟိုတယ်အဆောက်အဦတွေမှာ အသွားအလာ ကန့်သတ် တားမြစ်ပိတ်ပင်ထားသူပေါင်းကတော့ ဇန်နဝါရီ ၃၁ ရက်ကနေ မတ် ၂၄ ရက်အထိ ၂၈၂ ယောက်ရှိခဲ့ပါတယ်။
12 months Ago
Up