လေဘာပါတီ

May 22, 2022

သြစတြေးလျ ရွေးကောက်ပွဲတွင် အတိုက်အခံ လေဘာပါတီ အနိုင်ရ

သြစတြေးလျနိုင်ငံမှာ မေ ၂၁ ရက် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်တွေအရ အတိုက်အခံ လေဘာပါတီ ခေါင်းဆောင် အန်သိုနီ အယ်လ်ဘန်နိစ်ဟာ နိုင်ငံရဲ့ ၃၁ ယောက်မြောက် ဝန်ကြီးချုပ် ဖြစ်လာပါတယ်။ 

အစောဆုံး ရလဒ်တွေကို သိရပြီးတဲ့နောက် အနိုင်ရမှာ သေချာသွားတဲ့ အယ်လ်ဘန်နိစ်က သြစတြေးလျနိုင်ငံကို ဦးဆောင်ခွင့်ရတော့မှာဖြစ်လို့ အလွန်ဂုဏ်ယူတဲ့အကြောင်းနဲ့ တတိုင်းပြည်လုံး ညီညွတ်ရေးကို လိုလားတယ်လို့ ပြောသွားပါတယ်။ 

အတိုက်အခံပါတီဟာ လွတ်လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့နိုင်ဖို့ဆိုရင် အောက်လွှတ်တော်မှာ အမတ်နေရာ ၁၅၁ နေရာထဲက ၇၆ နေရာကို ပြတ်ပြတ်သားသား အနိုင်ရဖို့ လိုအပ်ပါတယ်။ 

မေ ၂၁ ရက်ညပိုင်းအထိ မဲဆန္ဒနယ် တဝက်လောက်ကို ရေတွက်ပြီးချိန်မှာ လေဘာပါတီဟာ ၇၂ နေရာမှာ အနိုင်ရပြီး၊ ဝန်ကြီးချုပ် မော်ရစ်ဆင်ရဲ့ ညွှန့်ပေါင်းက ၅၂ နေရာမှာပဲ အနိုင်ရပါတယ်။ 

တသီးပုဂ္ဂလနဲ့ Green ဂရင်းပါတီက ၁၁ နေရာမှာ အနိုင်ရတယ်လို့ အေဘီစီ သတင်းဌာနက ခန့်မှန်းပါတယ်။ နောက်ထပ် ၁၆ နေရာလောက်မှာ ရလဒ်တွေ မသိရသေးပါဘူး။ 

ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က သူရှုံးနိမ့်ကြောင်းကို မေ ၂၁ ရက်ညမှာပဲ ဝန်ခံပါတယ်။ မော်ရစ်ဆင်ဟာ အစိုးရအတွင်း အပြောင်းအလဲတွေ မုန်တိုင်းထန်ပြီးနောက် ၂၀၁၈ ခုနှစ်မှာ ဝန်ကြီးချုပ်ဖြစ်လာခဲ့သူပါ။ အခုတော့ သူနဲ့အတူ ကွန်ဆာဗေးတစ်အစိုးရရဲ့ ၉ နှစ်ကြာ အုပ်ချုပ်ရေး တခန်းရပ်သွားပါပြီ။ 

ရွေးကောက်ပွဲမှာ ရှုံးသွားတဲ့ ဝန်ကြီးချုပ် မော်ရစ်ဆင်က အနိုင်ရတဲ့ အယ်ဘန်နိစ်ကို တယ်လီဖုန်းခေါ်ပြီး ချီးကျူးစကား ပြောခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

7 months Ago

March 28, 2022

မော်လ်တာနိုင်ငံ ပါလီမန်ရွေးကောက်ပွဲ လေဘာပါတီ သုံးကြိမ်ဆက်အနိုင်ရ

မြေထဲပင်လယ်ကျွန်းနိုင်ငံ မော်လ်တာမှာ  မတ်လ ၂၇ ရက်က ကျင်းပတဲ့ပါလီမန်ရွေးကောက်ပွဲမှာ အာဏာရ လေဘာပါတီ အနိုင်ရရှိခဲ့ပါတယ်။ 

ဒါဟာ လေဘာပါတီအတွက်တော့ ရွေးကောက်ပွဲ သုံးကြိမ်ဆက်တိုက် အနိုင်ရရှိမှုဖြစ်ပြီး၊ အဓိကအတိုက်အခံ ဗဟိုလက်ယာ အမျိုးသားရေးပါတီက ရှုံးနိမ့်သွားကြောင့် ဝန်ခံပါတယ်။ 

အာဏာရလေဘာပါတီက ရွေးကောက်ပွဲမဲဆွယ်ရာမှာ စီးပွားရေးတိုးတက်မှုနဲ့ ကိုဗစ်-၁၉ အကျပ်အတည်း ကောင်းမွန်စွာစီမံနိုင်မှုကို အဓိကဦးစားပေး မဲဆွယ်ခဲ့တာပါ။

ကိုဗစ်လော့ခ်ဒေါင်းချထားချိန်အတွင်း စီးပွားရေးသမားတွေနဲ့ ပြည်သူတွေကို အစိုးရ ငွေကြေးထောက်ပံ့မှု အများအပြား လုပ်ခဲ့တာပါ။ 

မြို့တော် ဗဲလ်လက်တာနဲ့ အခြားမြို့တွေမှာ လေဘာပါတီထောက်ခံသူ အများအပြား အောင်ပွဲခံပြီး ပါတီခေါင်းဆောင်နဲ့ ဝန်ကြီးချုပ် ရောဘတ် အဘီလာရဲ့ နာမည် “ရောဘတ်၊ ရောဘတ်” လို့ အော်ဟစ်ခဲ့ပါတယ်။ 

လေဘာပါတီဟာ ၂၀၁၃၊ ၂၀၁၇ ရွေးကောက်ပွဲတွေမှာ အနိုင်ရခဲ့ပြီး၊ ဒီနှစ်မှာလည်း ၅၅ ရာခိုင်နှုန်း မဲအများစုနဲ့ အနိုင်ရခဲ့ပါတယ်။ 

9 months Ago
Up