လေထုအရည်အသွေး

May 4, 2020

စာရေးဆရာမ ဂျူးဦးဆောင်သည့် လေထုအရည်အသွေးအကြောင်း ဆွေးနွေးပွဲ အွန်လိုင်းမှ ပါဝင်နိုင်

       နာမည်ကြီး စာရေးဆရာမတယောက်ဖြစ်တဲ့ ဂျူးဦးဆောင်ဆွေးနွေးမယ့် လေထုအရည်အသွေးအကြောင်း အွန်လိုင်း ဆွေးနွေးပွဲတခုကို မေလ ၅ ရက်နေ့မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။        အမျိုးသမီးငယ်များ စကားဝိုင်းအနေနဲ့ ကျင်းပတဲ့ ဒီဆွေးနွေးပွဲကိုတော့ ရန်ကုန်မြို့ အခြေစိုက် အမေရိကန်သံရုံးရဲ့ ပံ့ပိုးမှုနဲ့ ကျင်းပတာဖြစ်ပြီး စိတ်ပါဝင်စားသူတွေကို အွန်လိုင်းကနေ ပါဝင်ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။ ဆရာမဂျူးနဲ့ အွန်လိုင်းမှ တိုက်ရိုက်တွေ့ဆုံဆွေးနွေးနိုင်မယ့် ဒီစကားဝိုင်းကိုတော့ အမေရိကန်စင်တာ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် နေ့ လယ် ၁ နာရီ ကနေ ၂ နာရီထိ ထုတ်လွှင့်ပေးသွားမယ်လို့ ကြေညာထားပါတယ်။ “What Can We Do to Improve Air Quality in Myanmar?”ခေါင်းစဉ်နဲ့ ဒီဆွေးနွေးပွဲကို မြန်မာဘာသာနဲ့သာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဆရာဝန်စာရေးဆရာမယောက်ဖြစ်တဲ့ ဂျူးဟာ ရေနံချောင်းမြို့ဇာတိဖြစ်ပြီး “ရာဇဝင်ထဲမှာ မောင့်ကိုထားရစ်ခဲ့” ဝတ္ထုတိုနဲ့ စာပေလောထဲကို ဝင်ရောက်လာခဲ့သူဖြစ်ပြီး ၁၉၈၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “အမှတ်တရ”ကတော့ သူ့ရဲ့ ပထမဆုံး လုံးချင်းဝတ္ထု ဖြစ်ပါတယ်။ အောင်မြင်လူကြိုက်များတဲ့ လုံးချင်းဝတ္ထုတွေ များစွာရေးသားခဲ့တဲ့ ဆရာမ ဂျူး ဟာ တခြားသော ကဏ္ဍတွေဖြစ်တဲ့ နိုင်ငံတကာ စစ်ဘက်စာမျက်နှာ၊ ရုပ်ရှင်၊ သီချင်းခံစား မှုဆိုင်ရာ ဆောင်းပါးတွေအပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဆောင်းပါးတွေနဲ့လည်း ထင်ရှားပါတယ်။ တူမလေးတယောက်ကို အဒေါ်ဖြစ်သူက ပေးစာပုံစံမျိုး ရေးသားဖော်ပြတဲ့ ဆောင်းပါး ပေါင်းချုပ်စာအုပ်တွေ ဖြစ်တဲ့ “ကျမချစ်သော မြို့တမြို့”၊ “ကျမချစ်သော နိုင်ငံ”၊ “ကျမ ချစ်သော ကမ္ဘာမြေ” စတဲ့ စာအုပ်တွေအပြင် “အစိမ်းရောင်အမွေအနှစ်”စာအုပ်တွေဟာလည်း ထင်ရှားတဲ့ စာအုပ်တွေ ဖြစ်ပါတယ်။
1 year Ago

November 4, 2019

အိန္ဒိယ လေထုအရည်အသွေး ဆိုးရွားပြင်းထန်၊ အရေးပေါ်အခြေအနေ ကြေညာ

အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီမှာ မီးခိုးရောင် မီးခိုးမြူထူတွေ ရစ်သိုင်းနေပြီး လေထုအရည်အသွေး ညွှန်းကိန်းက နိုဝင်ဘာ ၃ ရက်နေ့ မနက်ပိုင်းမှာ ၄၄၇ ထိ ရောက်ခဲ့ပါတယ်။ ဒေလီမြို့အတွင်း အဆိုးဆုံးအချိန်မှာ လေထုအရည်အသွေး ညွှန်းကိန်းအမှတ် ၄၈၆ ထိ ရောက်ခဲ့ပါတယ်။ လေထုအရည်အသွေးက ဆိုးရွားပြင်းထန်တဲ့ အခြေအနေမှာ ဆက်ရှိနေလို့ တရားရုံးချုပ်က အများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေ ရောက်နေပြီလို့ နိုဝင်ဘာ ၁ ရက်နေ့က ကြေညာလိုက်ရပါတယ်။ ဒေလီမြို့ပေါ်က ကျောင်းအားလုံးကိုလည်း ၃ ရက် ပိတ်လိုက်ပါတယ်။ ဒေပါဝလီပွဲတော်ကို သောကြာနေ့က ကျင်းပပြီးချိန်ကစပြီး မြို့တွင်း လေထုအခြေအနေက ပိုယိုယွင်းလာခဲ့တာပါ။ မီးခိုးမြူထူတွေကြောင့် မြင်နိုင်စွမ်းလည်း ကျဆင်းနေလို့ ဒေလီလေဆိပ်မှာ နိုဝင်ဘာ ၃ ရက်နေ့ မွန်းလွဲပိုင်းက လေကြောင်းခရီးစဉ်တချို့ ပယ်ဖျက်၊ တချို့ လမ်းကြောင်းလွှဲပြီး တချို့ကိုတော့ နှောင့်နှေးထားခဲ့ရပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်း အားလုံးကိုလည်း နိုဝင်ဘာ ၅ ရက်ထိ ရပ်ထားဖို့ တားမြစ် ပိတ်ပင်လိုက်ပါတယ်။ နယူးဒေလီ မြို့စွန်က လယ်သမားတွေက အောက်တိုဘာမှာ ရိတ်သိမ်းပြီးတဲ့ စပါးခင်းတွေကို မီးရှို့ပြီး မြေရှင်းနေလို့ ကောင်းကင်မှာ မီးခိုးတွေ ထူထပ်သိပ်သည်းနေတာပါ။ နှစ်စဉ် လယ်ကွင်းတွေက ရိုးပြတ်ရှို့မီးတွေကြောင့် နဂိုကတည်းက ယာဉ်ကြောပိတ်ဆို့မှုနဲ့ စက်မှုလုပ်ငန်းတွေက ထွက်တဲ့ မီးခိုးကြောင့် လေထုညစ်ညမ်းနေတဲ့ နယူးဒေလီမြို့ဟာ ကမ္ဘာ့ လေထုညစ်ညမ်းဆုံး မြို့တော် ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ဒေလီမြို့ အာဏာပိုင်တွေက လူ သန်း ၂၀ နေတဲ့ မြို့တော်တွင်း အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး အစီအစဉ်ကို တိုးတက်အောင်လုပ်ပြီး ကားသုံးစွဲမှု လျှော့ချဖို့ ကြိုးစားနေပါတယ်။ လယ်သမားတွေက ရိုးပြတ်တွေကို မီးမရှို့အောင် ကောက်ရိုးဆွေးအောင် လုပ်တဲ့စက်ကို ၈၀ ရာခိုင်နှုန်းအထိ ဈေးချရောင်းဖို့ ကမ်းလှမ်းခဲ့ပေမယ့် လယ်သမား နည်းနည်းကသာ စက်တွေကို သုံးတယ်လို့ ပြောပါတယ်။
2 years Ago
Up