လေတပ်ကာကွယ်ရေ

January 17, 2020

နေတိုးအဖွဲ့ မဟာမိတ် လေပိုင်နက်အတွင်း ပျံသန်းလေ့ကျင့်

မြောက်အတ္တလန္တိတ် မဟာမိတ်အဖွဲ့ကြီး နေတိုးဟာ မဟာမိတ် လေပိုင်နက်အတွင်း လေယာဉ်တွေ ကြားဖြတ် ဟန့်တားပျံသန်းတာကို ဇန်နဝါရီ ၁၄ ရက်က လက်တွေ့ လေ့ကျင့်ခဲ့ကြပါတယ်။ တနာရီ မိုင် ၅၆၀ နှုန်းနဲ့ နီးနီးကပ်ကပ် ပျံသန်းလေ့ကျင့်ရာမှာ ဗြိတိန်၊ ပြင်သစ်နဲ့ ဒိန်းမတ် နိုင်ငံတွေက လေယာဉ်မှူးတွေ ပါဝင်ဆင်နွှဲခဲ့ပါတယ်။ ရုရှားအစိုးရက ခရိုင်းမီးယားဒေသကို ၂၀၁၄ မှာ ကျူးကျော်ပြီးကတည်းက ဘောလ်တစ်ပင်လယ်ပြင်ပေါ် မှာရှိတဲ့ နေတိုးရဲ့ လေပိုင်နက်ကို ချိုးဖောက်မှု ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် ရုရှားကုန်းမကြီးကနေ ပျံတက်လာတဲ့ ဂျက်လေယာဉ်တွေက ဘောလ်တစ်ပင်လယ်ကို ဖြတ်ပြီး ကလီနင်ဂရဒ် မြို့ဆီ ပျံသန်းနေလို့ မဟာမိတ်နယ်စပ်တွေမှာ လေကြောင်း လှုပ်ရှားမှုတွေ ဆက်တိုက် ရှိနေတယ်လို့ နေတိုးရဲ့ ဥရောပမြောက်ပိုင်း လေပိုင်နက်စောင့်ကြပ်ရေးတပ်မဟာမှူး ဂျာမန်လေတပ် ဗိုလ်မှူးချုပ် ကလောက်စ် ဟာဘာဆတ်ဇာက ပြောပါတယ်။  နေတိုးတပ်ဖွဲ့ရဲ့ လေယာဉ်မှူးတွေဟာ ဝေဟင်ကနေ ဝေဟင်ပစ်တဲ့ ဒုံးကျည်တွေကို သယ်ဆောင်ထားပြီး ရုရှလေယာဉ်အဖြစ် ပုံစံထုတ်သတ်မှတ်ထားတဲ့ ဘယ်လ်ဂျီယံ လေတပ် သယ်ယူပို့ဆောင်ရေး လေယာဉ်ကို ကြားဖြတ်ဟန့်တားပုံနဲ့ လေယာဉ်ရဲ့ အနေအထားကို အမြင်အရ စစ်ဆေးတာတွေကို လေ့ကျင့်ခဲ့ပါတယ်။ လေယာဉ်မှူးတွေဟာ တပ်လှန့်စစ်ရေးလေ့ကျင့်တာတွေ၊ လေယာဉ်ရုံကနေ F16 တိုက်လေယာဉ်တွေဆီကို ပြေးတာ၊ လေယာဉ်မှူး မောင်းခန်းထဲ ခုန်ဝင်ပြီး ကြားဖြတ်ဟန့်တား ပျံသန်းတာတွေကို လေ့ကျင့်ခဲ့ပါတယ်။ ဥရောပဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လုံလောက်အောင် မသုံးစွဲဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပုံမှန် စွပ်စွဲလေ့ ရှိပါတယ်။ လေတပ်ကာကွယ်ရေးဦးစီးချုပ်တွေကတော့ ဥရောပတိုက်ကို ကာကွယ်ဖို့ နေတိုးလေယာဉ်တွေက ဘယ်လို ကူညီနေလဲဆိုတာ ခုလိုလေ့ကျင့်မှုတွေက ထင်သာမြင်သာ ရှိစေလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။
1 year Ago
Up