လေဆိပ်ဝန်ထမ်း

December 18, 2020

လေကြောင်းခရီးသွားများနှင့် လေဆိပ်ဝန်ထမ်း ၅၀ ကျော်တွင် ကိုဗစ်-၁၉ တွေ့ရှိ

ရန်ကုန်တိုင်းအတွင်းမှာ ပြီးခဲ့တဲ့ ၄ ရက်အတွင်း လေကြောင်းခရီးသွားတွေနဲ့ လေဆိပ်ဝန်ထမ်း ၁၆၄၇ ယောက်ကို  ကိုဗစ်-၁၉ ရောဂါ ရှိမရှိ စစ်ဆေးခဲ့ရာမှာ ၅၁ ယောက်မှာ ရောဂါတွေ့ရှိခဲ့တယ်လို့ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။  စစ်ဆေးသူ အယောက် ၁၆၀၀ ကျော်မှာ ပြည်တွင်းခရီးသွား ၈၃၀ ၊ လေဆိပ်ဝန်ထမ်း ၈၁၇ ယောက်ပါဝင်ပြီး ခရီးသွားတွေထဲက  ၁၃ ယောက်  လေဆိပ်ဝန်ထမ်းတွေထဲက ၃၈ ယောက်  ရောဂါပိုးတွေ့ရှိခဲ့တာပါ။ လက်ရှိအခြေအနေအရ လေဆိပ်ဝန်ထမ်းတွေမှာ ရောဂါပိုးတွေ့ရှိမှု ပိုများနေတာလည်း ဖြစ်ပါတယ်။ ခရီးသွားတွေအတွက်ကိုတော့ RDT Test kit တွေနဲ့ စစ်ဆေးပေးတာဖြစ်ပြီး ထိတွေ့မှု ပိုများနိုင်တဲ့ လေဆိပ်ဝန်ထမ်းတွေအတွက်ကိုတော့ PCR စနစ်နဲ့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) NHL မှာ စစ်ပေးနေပါတယ်။ ခရီးသွားတွေကို ကိုဗစ်-၁၉ စစ်ဆေးဖို့ကတော့ အောင်မင်္ဂလာအဝေးပြေးက ဒေသန္တရ ကျန်းမာရေးဌာနနဲ့ ကျောက်တံတားမြို့နယ်က Tourist Burma အဆောက်အအုံမှာ  ကိုဗစ်-၁၉ ရောဂါ  ရှိမရှိ စစ်ပေးနေတာပါ။ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူတွေကိုတော့ ရန်ကုန်တိုင်းမှာ ဖွင့်လှစ်ထားတဲ့ အောင်မြင့်မိုရ်ကုသရေးစင်တာနဲ့ လှိုင်ကုသရေးစင်တာတွေမှာ ဆေးကုသမှုပေးနေပါတယ်။ သတင်း-သင်းသင်းဇော် ဓာတ်ပုံ- MPA
4 months Ago

November 23, 2020

ရှန်ဟိုင်းလေဆိပ်ဝန်ထမ်းအားလုံး ကိုဗစ်-၁၉ ဆေးစစ်မှုခံယူ

တရုတ်နိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် ရှန်ဟိုင်းက ပူဒေါင်နိုင်ငံတကာလေဆိပ်ရဲ့ ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းကို ကိုင်တွယ်သူအတော်များများ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံထားရတာ စမ်းသပ်တွေ့ရှိခဲ့အပြီး လေဆိပ်ဝန်ထမ်းအားလုံးကို နိုဝင်ဘာ ၂၂ ရက် ညက ဆေးစစ်ခဲ့ပါတယ်။ စမ်းသပ်ခံဖို့ လေဆိပ်ယာဉ်ရပ်နားစခန်းမှာ ကာကွယ်ရေးဝတ်စုံပြည့် ဝတ်ထားတဲ့ ဝန်ထမ်းတွေက လူတွေကို လမ်းညွှန်နေပုံကို အစိုးရ ရုပ်သံက ထုတ်လွှင့်ပါတယ်။ ပူဒေါင်လေဆိပ်ကုန်စည်ဌာနမှာ ဝန်ထမ်း ၁၇,၇၁၉ ယောက်ကို ဆေးစစ်ရာမှာ ၁၁,၅၄၄ ယောက်အတွက် ဆေးစစ်ချက်ရလဒ်ထွက်ထားပြီး သူတို့အားလုံး အကူးစက်မခံရဘူးလို့ လေဆိပ် အာဏာပိုင်တွေက ပြောပါတယ်။ ကျန် ၆,၁၇၅ ယောက်ရဲ့ ဆေးစစ်ချက်ရလဒ်ကို စောင့်နေဆဲပါ။ တရုတ်နိုင်ငံမှာ နိုဝင်ဘာ ၂၂ ရက်က ကိုဗစ်-၁၉ လူနာသစ် ၁၁ ယောက်တွေ့ရှိခဲ့ပြီး ၂ ယောက်က ရှန်ဟိုင်းကဖြစ်တယ်လို့ အမျိုးသားကျန်းမာရေးကော်မရှင်က နိုဝင်ဘာ ၂၃ ရက်မှာ ပြောပါတယ်။ တရုတ်ပြည်မကြီးမှာ စုစုပေါင်း ကူးစက်ခံ ၈၆,၄၄၂ ယောက်ရှိပြီး ကူးစက်ခံ သေဆုံးသူ ဦးရေ ၄,၆၄၃ ရှိတယ်လို့ အတည်ပြုထားပါတယ်။
5 months Ago
Up