လေဆိပ်တိုက်ခိုက်ခံရမှု

January 3, 2021

ယီမင်နိုင်ငံ လေဆိပ်တိုက်ခိုက်ခံရမှုတွင် သေဆုံးခဲ့သည့် သတင်းထောက်၏ဈာပနပြုလုပ်

ယီမင်နိုင်ငံ အေဒင်မြို့လေဆိပ်က တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ သတင်းထောက် အဒိဘ်အယ်လ်ဂျနာနီကို သူ့ဇာတိမြေ ထိုက်ဇ်မြို့မှာ ဇန်နဝါရီ ၂ ရက်က မြေမြုပ်သင်္ဂြိုဟ်လိုက်ပါတယ်။ ယီမင်ရုပ်သံ ဘယ်လ်ကီးစ်ရဲ့ သတင်းထောက် အယ်လ်ဂျနာနီဟာ အေဒင်မြို့အတွက် အသစ်ခန့်အပ်လိုက်တဲ့ အစိုးရအဖွဲ့ ရောက်လာတာကို ဒီဇင်ဘာ ၃၀ ရက်က သတင်းယူနေခဲ့တာပါ။ အဲဒီအချိန်က ပေါက်ကွဲမှုကြောင့် သူအပါအဝင် လူ ၂၁ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ လေယာဉ်က ရိယာ့ဒ်လေဆိပ်ကို ရောက်အပြီးမှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေနဲ့ သေနတ်သံတွေကို ကြားရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ မော်တာကျည်ဆန် ၃ လုံး လေဆိပ်ခန်းမဆောင်ကို ထိမှန်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံ လုံခြုံရေး သတင်းရင်းမြစ်တရပ်က ပြောပါတယ်။ ယီမင်နိုင်ငံထဲမှာ ၆ နှစ်ကြာ စစ်ပွဲဆင်နွှဲနေတဲ့ ဟူသီတွေ လုပ်တာလို့ ယီမင် ညွန့်ပေါင်းအစိုးရက စွပ်စွဲပေမဲ့ ဟူသီတွေက စွဲချက်ကို ငြင်းဆိုထားပါတယ်။ ယီမင်အစိုးရ မဟာမိတ်တွေကြား အကွဲအပြဲကို အဆုံးသတ်ဖို့ ဆော်ဒီအာရေဗျ အစိုးရက ရည်မှန်းပြီး တောင်ပိုင်းခွဲထွက်ရေးသမားတွေနဲ့ ယီမင်သမ္မတ အဘ်ဒယ်ရာဘူမန်ဆော်ဟာဒီ အစိုးရတို့ ပေါင်းပြီး အစိုးရအသစ်ကို ဖွဲ့စည်းခဲ့တာပါ။ ယီမင်နိုင်ငံထဲမှာ ဆော်ဒီက ကျောထောက်နောက်ခံပေးထားပြီး နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ တောင်ပိုင်းအခြေစိုက် အစိုးရနဲ့ နိုင်ငံမြောက်ပိုင်းက မြို့တော်စာနာ အခြေစိုက် ဟူသီသူပုန်တွေကြား စစ်ဖြစ်နေလို့ ကမ္ဘာ့အဆိုးဆုံး လူသားချင်းစာနာမှု အကျပ်အတည်း ဆိုက်နေတယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။
10 months Ago
Up