လေကြောင်းရန်

February 26, 2023

မြောင်မြို့နယ် စာသင်ကျောင်းများတွင် လေကြောင်းရန်ကာကွယ်ရေး လက်တွေ့ လေ့ကျင့်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ မြောင်ပညာရေး ကွန်ရက်က ဖွင့်လှစ်ထားတဲ့ အခြေခံပညာ ကျောင်းတွေမှာ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအစဥ် တရပ်အနေနဲ့ "လေယာဉ်ပျံတွေ လာရင်" လေကြောင်းရန်ကာကွယ်ရေး ပညာပေး အစီအစဥ်ကို အခုလအတွင်းမှာ လက်တွေ့လေ့ကျင့်နေပါတယ်။

ဒီအစီအစဉ်မှာ ပညာပေး ဗီဒီယို ပြသတာနဲ့ ဆရာ၊ ဆရာမတွေက ကျောင်းသားတွေနဲ့ အတူတကွ သရုပ်ပြ လေ့ကျင့်မှုတွေပြုလုပ်ခဲ့တယ်လို့ မြောင်ပညာရေးရက်က ထုတ်ဖော် ပြောဆိုပါတယ်။

ကလေးတွေ ကိုယ်တိုင် လေယာဥ် လာရင် ဘယ်လိုလုပ်ဆောင်ကြရမလဲ ဆိုတာ ပိုပြီးသိလာစေဖို့၊ ကလေးတွေကိုယ်တိုင် မိမိကိုယ်မိမိ ကိုယ်တိုင် ကာကွယ်တတ်ဖို့၊ ကလေးငယ်ချင်းအတူတူ ဖေးမကြဖို့။ စည်းကမ်းတကျ ဘယ်လိုတွေ လုပ်ဆောင်ကြမလဲ ဆိုတာကို ပိုမို သိနားလည်စေဖို့၊ ကျောင်းမှ မိဘ၊ ဆရာ ဆရာမများ ကိုယ်တိုင် ဘယ်လို ကာကွယ်ကြမလဲ ဆိုတာကို သိရှိဖို့ရည်ရွယ်လုပ်ဆောင်တာလို့  မြောင်ပညာရေးကွန်ရက် တာဝန်ခံဆရာမ ဂရေစ်က ပြောပါတယ်။

"လေကြောင်းရန်ကို ကာကွယ်ဖို့ လိုပါတယ်။ ဒါကို ကာကွယ်နိုင်ဖို့ ကျမတို့ တစ်ယောက်ချင်းဆီမှာ ကြိုတင်ပြင်ဆင်ထားကြဖို့ကို နှိုးဆော် အသိပေးလိုပါတယ်။ ဒါလေးကို ကလေးပုံပြင် ရုပ်ပြအနေနဲ့ ထုတ်ဝေထားပါတယ်။ အသံနဲ့လည်း တင်ဆက်ထားပါတယ်။ ဒါတွေ လိုအပ်တယ် ဆိုရင် မြောင် ပညာရေး ကွန်ရက်မှာ အခမဲ့ တောင်းယူနိုင်ပါတယ်။ ကျမတို့ရထားတဲ့ အခြေနေမှာ ကျမတို့ မြေပြင်က တကယ် ဖြစ်လာတဲ့ ဖြစ်ရပ်တွေကို ပေါင်းစပ်ပြီး  လုပ်ဆောင်တာပါ။ ဒီမှာ ပါဝင်သူတွေ ကတော့အခမဲ့ ကူညီပေးပါတယ်။”

အခုလို လေ့ကျင့်မှုတွေကို စာသင်ကျောင်း ၁၅ ကျောင်းမှာ လုပ်ဆောင်ပြီးသွားပြီဖြစ်ပြီး တခြား မြို့နယ်ရှိ စာသင်ကျောင်းတွေနဲ့ စစ်ဘေး ထိတွေ့နေကြရတဲ့ နေရာတချို့မှာလည်း အလားတူ လုပ်ဆောင်ဖို့ အစီအစဉ်ရှိတယ်လို့သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း ခုခံတွန်းလှန်းစစ်ပွဲ ဆင်နွှဲနေတဲ့ ဒေသတွေနဲ့ တိုင်းရင်းသားဒေသတွေကို စစ်ကောင်စီတပ်တွေက လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန် ပြုလုပ်နေရာမှာ  စာသင်ကျောင်းတွေပါ ပစ်မှတ်ထား တိုက်ခိုက်ခံနေရတာဖြစ်ပါတယ်။ 

1 month Ago

October 15, 2022

လေကြောင်းရန်ကာကွယ်ရေးလက်နက်များ လက်ဝယ်မရောက်သေးဟု ဗိုလ်နဂါးပြော

လေကြောင်းရန်ကာကွယ်ရေးလက်နက်ဝယ်ယူဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာနဆီကို ငွေကြေးပေးသွင်းထားပြီးဖြစ်ပေမယ့် လက်နက်တွေ လက်ဝယ်မရောက်သေးဘူးလို့ မြန်မာ့တော်ဝင်နဂါးတပ်တော်ခေါင်းဆောင်ဗိုလ်နဂါးက ပြောပါတယ်။

ကွန်မန်ဒို ၁၀၀ ပရောဂျက်ရငွေ ဒေါ်လာ ၄ သိန်းထဲက ၃ သိန်းကို ပြီးခဲ့တဲ့ ဇွန်လကတည်းက NUG ငွေပေးချေမှာ ယူထားတာလို့ ဆိုပါတယ်။ 

ပြည်သူတွေဆီ ပိုက်ဆံတွေ အလှူခံပြီး ဖြစ်ဖြစ်မြောက်မြောက် ပစ္စည်းတွေ လက်ဝယ်မပြနိုင်တာကြောင့် သူ့ကို ပုတ်ခတ်တိုက်ခိုက်တာတွေရှိလာတဲ့အတွက် အခုလိုဖြေရှင်းရတာလို့ ဗိုလ်နဂါးက ပြောပါတယ်။

"ဘာမှရေရေရာရာမလုပ်ဘဲ လူထုဆီက အလှူခံထားတာတွေရှိတယ်ဆိုပြီး ပြောလာတာတွေရှိတာပေါ့။ ဒါကလည်း ရတဲ့ငွေကို လက်နက်ဝယ်ရင်လည်း ကြီးကြီးမားမား ကိစ္စတွေကို MOD နဲ့ ချိတ်ဆက်ပြီးတော့ အလုပ်လုပ်နေတယ်။ ငွေကြေးဆိုရင်လည်း Donar တွေဆီထားတယ်။ Donar တွေဆီကမှ MOD ကိုတဆင့် ကြားခံပြီးတော့မှ လက်နက်ဝယ်ယူတဲ့ဆီကို သွားတယ်ဆိုတာမျိုးပြောထားပြီးသား။ ဒါပေမယ့် ဒါနဲ့ပတ်သက်ပြီးတော့ ခေါင်းစဉ်အလွဲတွေတပ်ပြီးတော့ ပုတ်ခတ်စွပ်စွဲခံနေရတဲ့ အခက်အခဲတော့ရှိတာပေါ့။ ကွန်မန်ဒို ၁၀၀ သုံးလ ဒေါ်လာလေးသိန်း ပရောဂျက်ဆိုရင်လည်း သုံးသိန်းလောက် MOD ကိုသွင်းထားပြီးသားပဲ။ သူတို့လည်း လမ်းကြောင်းအခက်အခဲကြောင့် ရောက်မလာသေးဘူး ပြောတာပဲ။ တကယ်တော့ ကြားထဲကနေ ပြည်သူတွေ မျက်စိလည်အောင်လုပ်ပြီးတော့ နာမည်ဖျက်ချင်တာလား။ အဲ့လိုမျိုးလုပ်နေတဲ့ အနေအထားတွေတော့ ကြုံရတာပေါ့။ ကိုယ့်အဖွဲ့အစည်းဆိုတာထက် တော်လှန်ရေးတခုလုံးကို သွားတွေးပြီးတော့ ယုံကြည်မှုနည်းသွားမှာကိုပဲ စိုးတာ။ ကျနော်တို့ ကွန်မန်ဒို ၁၀၀ တင်မကဘူးလေ။ လေကြောင်းရန်ကာကွယ်ဖို့ လက်နက်ကြီးဝယ်ထားတာလည်း တနေရာရှိတယ်။ အဲ့ဒါအပြင် တခြား မမ တွေပေါ့။ အကြီးတွေအသေးတွေ အဲ့ဒီလမ်းကြောင်းက ဝယ်ထားတာရှိတယ်။ အဲ့ဒါကလည်း ကျနော်တို့ ဝယ်ထားပြီးခါကြမှ MOD ထောက်ပို့တာဝန်ခံက သူတို့ သယ်ကူပေးမယ်ဆိုလို့ အဲ့ဒါလည်း သူတို့ဆီအပ်ထားရတာပဲ။ ၆ လပိုင်းကတည်းက ခုထိရောက်မလာဘူး။ ကျနော့်ရဲ့အဓိကအင်အား ၂ ခုလုံးက အဲ့ဒီမှာ မြုပ်နေတော့ အလုပ်လုပ်ရတာ ထင်သလောက် ခရီးမပေါက်တာတော့ရှိတာပေါ့။"

အမျိုးသားညီညွတ်ရေးအစိုးရက လေကြောင်းကာကွယ်ရေးစီမံချက်တွေ ဆောင်ရွက်နေပြီး တချို့နေရာတွေမှာ အကောင်အထည်ဖော်နိုင်ပြီလို့ ပြောဆိုထားပေမယ့် မြေပြင်က NUG လက်အောက်ခံ PDF အဖွဲ့တွေဟာ လေကြောင်းကာကွယ်ရေးလက်နက်နဲ့ တိုက်ခိုက်ရေးပစ္စည်းတွေကို ဝယ်ယူဖို့ ပြည်သူတွေဆီက အလှူခံနေရဆဲဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းမှာ ရွှေ့ပြောင်းလှုပ်ရှားနေတဲ့ Zero ပြောက်ကျားတပ်ဖွဲ့ဟာ လေယာဉ်ပစ်လက်နက်ဝယ်ဖို့ တလအတွင်း ငွေကျပ်သိန်းသုံးရာကျော်ရရှိထားပြီး လိုအပ်တဲ့ ငွေကြေးကို ဆက်လက်လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

မြင်းခြံခရိုင်တပ်ရင်း ၇ မှ ဗိုလ်ဇီးရိုးက‌ "ကျနော်တို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ကနေ လက်တွဲတိုက်ခိုက်နေတဲ့ မြင်းခြံခရိုင် တပ်ရင်း (၇) ပါ။ ကျနော်တို့ကို လှူဒါန်းတဲ့လက်နက်တွေဟာ တော်လှန်ရေးအလွန်ကာလမှာ နိုင်ငံတော်အတွက် တာဝန်ဆက်လက်ထမ်းဆောင်မယ့် လက်နက်တွေဆိုတာလည်း သေချာပါတယ်။ ကျနော်တို့ တစိုးတစွန်းမှ ယူထားလို့မရပါဘူး။ တော်လှန်ရေးအတွက် ကျနော်တို့ ဆက်လက်ကြိုးစားသွားမှာပါ။ ပြည်တွင်းပြည်ပ အလှူရှင်များရဲ့ လှူဒါန်းထောက်ပံ့မှုဟာ တော်လှန်ရေးကာလမှာ အင်မတန်အရေးပါတဲ့ အခန်းကဏ္ဏမှာတည်ရှိတဲ့အတွက် ကျန်တဲ့ရက် ၆၀ မှာ ကျနော်တို့လိုချင်တာလေး ပြည့်မီအောင်လို့ ဆက်လက်ပါဝင်ကူညီပေးကြပါ” လို့ မေတ္တာရပ်ခံလိုပါတယ်။"

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ လေကြောင်းပစ်လက်နက်တွေကို တချို့နေရာတွေမှာ တပ်ဆင်ထားနိုင်ပြီလို့ အောက်တိုဘာ ၇ ရက်နေ့သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။ 

အဲ့ဒါအပြင် ပြည်သူတွေကို တိုက်ခိုက်ဖို့ စစ်ကောင်စီ လေယာဉ်နဲ့ ရဟတ်ယာဉ်ပျံသန်းမောင်းနှင်ပေးတဲ့ လေယာဉ်မှူးတွေဟာလည်း နောင်တချိန်မှာ တာဝန်ယူတာဝန်ခံရမယ်လို့ NUG ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့နည်းပညာဝန်ကြီးဦးထင်လင်းအောင်က ပြောပါတယ်။

စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကရင်နီပြည်နယ်တွေမှာ လေကြောင်းပစ်ကူတွေကိုပါ အသုံးပြုပြီး ပြည်သူတွေကို တိုက်ခိုက်ခဲ့တာပါ။ 

စစ်ကောင်စီက မြေပြင်စစ်ရေးမယှဉ်သာတော့တဲ့အတွက် လေကြောင်းပစ်ကူတွေကိုပါအသုံးပြုပြီး နယ်မြေထိန်းချုပ်နိုင်ဖို့ ကြိုးစားနေရတာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုတွေကို သီးမခံနိုင်တော့တဲ့အတွက် ဒေသခံကာကွယ်ရေးတပ်တွေက လေကြောင်းရန်ကာကွယ်ရေး လက်နက်တွေကို ဝယ်ယူနိုင်ဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။ 

နိုင်ငံတဝန်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက ပုံမှန်သတင်းထုတ်ပြန်လေ့မရှိဘဲ အင်တာနက်နဲ့ဖုန်းလိုင်းတွေဖြတ်တောက်ပြီး သတင်းအမှောင်ချဖို့ ကြိုးစားခဲ့ပါတယ်။ 

5 months Ago
More News
Up