လေကြောင်းမှ ထပ်မံ ဗုံးကြဲတိုက်ခိုက်

March 30, 2021

ကေအန်ယူနယ်မြေကို အာဏာသိမ်းအကြမ်းဖက်စစ်တပ်က လေကြောင်းမှ ထပ်မံ ဗုံးကြဲတိုက်ခိုက် ရွာသား ၆ ဦးသေဆုံး

ကရင်ပြည်နယ် ကေအန်ယူ တပ်မဟာ(၅) ထိန်းချုပ်နယ်မြေအတွင်း အာဏာသိမ်းစစ်ကောင်စီရဲ့ လေတပ်က ဒီကနေ့ မတ်လ ၃၀ ရက်နေ့မွန်းလွဲပိုင်းမှာ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ပြည်သူ ၆ ဦး ထိမှန်သေဆုံးသွားတယ်လို့ ကေအန်ယူပြန်ကြားရေးက သတင်းထုတ်ပါတယ်။
ညောင်လေးပင်ခရိုင် ဆောထိမြို့နယ် အတွင်းရှိ ထီးဖဒိုရွာကို ဒီနေ့ ညနေ ၃ နာရီလောက်မှာ လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့ရာမှာ ထီးဖဒိုရွာနေ ပြည်သူ ၆ ဦးကို ထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် ဒီနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်လောက်မှာ ဂျက်စစ်တိုက်လေယာဉ် ၃ စင်းနဲ့ ဖာပွန်ခရိုင် မယ်ဝိုင်ရွာ၊ ခလဲ့ပယ်ခို့ရွာနဲ့ မယ်သော့်လိုရွာတွေအတွင်း ဗုံးကြဲချခဲ့လို့ ရွာသူရွာသားတွေ ဗုံးဆံတွေထိမှန်ပြီး သေဆုံးသူရှိသလို အများပြားဒဏ်ရာရရှိခဲ့တယ်လို့ မယ်ဝိုင်ရွာအနီးရှိ ဒေသခံတွေထံက သိရပါတယ်။
ဒီလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှဒမှာ ထိခိုက်ဒဏ်ရာရရှိသူအရေအတွက် အတိကျသိရဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။
ကေအန်ယူ တပ်မဟာ(၅) နယ်မြေအတွင်းကို အာဏာသိမ်းအကြမ်းဖက်စစ်တပ်က မတ်လ ၂၇ ရက်နေကနေစတင်ကာ ၃၀ ရက်နေ့အထိ ၄ ရက်တိုင်တိုင် အဆက်မပြတ် ဂျက်စစ်တိုက်လေယာဉ်နဲ့ နေ့တိုင်းဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။
မတ်လ ၂၇ ရက်နေ့ လေကြောင်းက ဗုံးကြဲမှုမှာ ကရင် ရွာသား ၄ ဦး သေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေဟာ မြန်မာ-ထိုင်းနယ်စပ် မယ်ဟောင်ဆောင်ခရိုင်က ဆေးရုံတစ်ခုမှာ တက်ရောက် ဆေးကုသမှုခံယူနေကြရပါတယ်။

(အထပ်ပါဓာတ်ပုံများသည် မတ်လ ၂၇ ရက် လေကြောင်းတိုက်ခိုက်မှုတွင် ဒဏ်ရာရခဲ့သည့် ကရင်တိုင်းရင်းသားများ ဆေးကုသမှုခံယူနေသည့်မြင်ကွင်းဓာတ်ပုံများဖြစ်သည်။ )

Photo Credit- DVB & Karen National Media

8 months Ago
Up