လေကြောင်းမှ တိုက်ခိုက်

April 9, 2021

လူအသေအပျောက်နည်းစေရန် လေကြောင်းမှ တိုက်ခိုက်ခြင်းဖြစ်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြော

ကေအန်ယူ တပ်မဟာ ၅ ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အကြောင်းနဲ့  နှစ်ဘက်အသေအပျောက် နည်းအောင်လို့ လေကြောင်းကနေ  တိုက်ခိုက်တာဖြစ်တယ်လို့ အာဏာသိမ်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ 

ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ လက်ရှိမြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ  ပြောသွားတာဖြစ်ပါတယ်။  

“တပ်မဟာ ၅ ကိုကျနော်တို့ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ လေကြောင်းကနေ ဘာလို့တိုက်ခိုက်ရသလဲလို့ ကျနော်တို့ ပြောရမယ်ဆိုရင် လေကြောင်းကတိုက်ခိုက်ခဲ့တဲ့ အကြောင်းရင်းကတော့  အဓိကတော့ အသေအပျောက်နည်းအောင်လို့  ၊ အသေအပျောက်နည်းအောင်ဆိုတာ နှစ်ဘက်အသေအပျောက် နည်းအောင်လို့ ကျနော်တို့ တိုက်ခိုက်ခြင်းဖြစ်ပါတယ်။ သတိပေးတဲ့အနေနဲ့ တိုက်ခိုက်ခြင်းဖြစ်တယ်။ ကုန်းကနေ ပြီးတော့ ကြည်းလမ်းကြောင်းကနေပြီးတော့  တိုက်ခိုက်မယ်ဆိုလို့ရှင်ရင် နှစ်ဘက် အသေအပျာက်များမှာ ဖြစ်တယ်။ ဘေးကနေပြီး မဆိုင်တဲ့ကျေးရွာတွေပါ မဆိုင်တဲ့နယ်မြေတွေပါ ထိမှာစိုးလို့ ဒါကြောင့်မို့လို့ လေကြောင်းတိုက်ခိုက်ရခြင်းဖြစ်ပါတယ်”လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ 

ကေအန်ယူ တပ်မဟာ ၅ နယ်မြေကို  စစ်တပ်က ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲ တိုက်ခိုက်မှုတွေကို  မတ်လ ၂၇ ရက်နေ့က စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ကရင်တိုင်းရင်းသားရွာသားတွေ ထိခိုက်သေဆုံးဒဏ်ရာရခဲ့တာရှိသလို သောင်းနဲ့ချီပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့ကြရပါတယ်။ 

ဒီနေ့ ဧပြီ ၉ ရက် နေ့လည် ၂ နာရီလောက်ကလည်း  ကေအန်ယူ တပ်မဟာ ၆ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ လေးကေ့ကော်မြို့အနီး ကောင်းကင်ယံမှာ စစ်တိုက်လေယာဉ်တစ်စီးဟာ သုံးပတ်ပျံသန်းသွားပြီး ဒွဲကျော့တောင်ဘက်သို့ ထွက်သွားကြောင်း ဒူပလာယာခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

ဧပြီ ၈ ရက်နေ့ မနက်ပိုင်းကတော့ အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံတပ်ဖြစ်တဲ့  အမှတ်-၃၁၆ အမြောက်တပ်ရင်းက ကေအန်ယူ- ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ် တောင်နောက်ခြမ်း မာန်အောင်ကျေးရွာကို လက်နက်ကြီး ၆ လုံးကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ပါတယ်။

1 month Ago
Up