လေကြောင်းတိုက်ခိုက်မှု

July 8, 2020

ဆီးရီးယားနှင့် ရုရှား လေကြောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုသင့်သည့်အဆင့်ရောက်ဟု ကုလပြော

ဆီးရီးယားနဲ့ ရုရှား လေယာဉ်တွေဟာ လေကြောင်းပစ်ခတ်မှုတွေ ဆောင်ရွက်နေတာကြောင့် အိဒလစ်ဘ်ပြည်နယ်ထဲက ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဈေးတွေကို ထိမှန်ခဲ့တဲ့အတွက် ဘာသာရေး စစ်ဝါဒီတွေရဲ့ တိုက်ခိုက်မှုတွေနည်းတူ စစ်ရာဇဝတ်မှုသင့်တဲ့ ပမာဏကို ရောက်နေပြီလို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေက ဇူလိုင် ၇ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ပြောပါတယ်။ တူရကီက ဖျန်ဖြေပေးတဲ့ မတ်လ အပစ်အခတ်ရပ်စဲရေးမတိုင်ခင်မှာ ဆီးရီးယား အစိုးရကို လိုလားတဲ့ တပ်တွေရဲ့ ဗုံးကြဲမှုတွေကြောင့် ရာချီတဲ့လူတွေ သေဆုံးခဲ့ပြီး အရပ်သားအယောက် ၁ သန်းလောက် ထွက်ပြေးခဲ့ရတယ်။  ဒါဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်လောက်တဲ့ ပမာဏ ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။  ဆီးရီးယား အနောက်မြောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ ဘာသာရေး စစ်ဝါဒီအုပ်စု တာရီယာ အယ်လ်ရှမ်းဟာ အရပ်သားတွေနေတဲ့ ဧရိယာတွေဆီကို အမြောက်တွေနဲ့ ပစ်ခတ်ခဲ့တာဟာ တရားဝင်တဲ့ စစ်ရေးရည်မှန်းချက် ရှိပုံမရဘူးလို့ ဆီးရီးယားအရေး ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်က စွပ်စွဲ ပြောဆိုပါတယ်။  နတ်စ်ရာတပ်ဦးလို့ အစောပိုင်းက သိကြတဲ့အဲဒီအဖွဲ့ထဲက တိုက်ခိုက်ရေးသမားတွေဟာ ထိန်းသိမ်းခံတွေကို ညှဉ်းဆဲ နှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၉ နိုဝင်ဘာကနေ ၂၀၂၀ ဇွန်လ အကြားကာလကို ကာမိအောင် စစ်တမ်းပြုစုထားတဲ့ အစီရင်ခံစာဟာ ဂြိုဟ်တုတွေ လေယာဉ်တွေကနေ အနီအောကေရောင်ခြည်ကို သုံးပြီးဖြစ်စေ အမြင်အရဖြစ်စေ ရယူထားတဲ့ သတင်းအချက်အလက်တွေနဲ့ မျက်မြင်သက်သေ ထွက်ဆိုချက်တွေကို အခြေခံပြီး အစီရင်ခံထားတာပါ။
9 months Ago

March 15, 2020

လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည့် အီရတ်နိုင်ငံသားများ ဈာပန ကျင်းပ

အမေရိကန် လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသွားတဲ့ အီရတ်နိုင်ငံသားတွေရဲ့ ဈာပနကို မတ်လ ၁၄ ရက်က နဂျက်ဖ်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်သား ၃ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂ ဦး၊ အရပ်သား ၁ ဦး သေဆုံးပြီး စစ်သား ၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂ ဦး၊ အရပ်သား ၁ ဦး နဲ့ ပြည်သူ့စစ် ၅ ဦး ဒဏ်ရာရတယ်လို့  အီရတ်ပူးတွဲစစ်ဆင်ရေးဌာနချုပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန် လေကြောင်းတိုက်ခိုက်မှုဟာ ခါတာအိဟစ်ဇ်ဘိုလာ စစ်သွေးကြွတွေ အသုံးပြုတဲ့ လက်နက်သိုလှောင်ရုံ ၅ ခုကို ပစ်မှတ်ထားခဲ့တယ်လို့ ပင်တဂွန်က ဆိုပါတယ်။  အဲဒီထဲမှာ အမေရိကန် ညွန့်ပေါင်းအဖွဲ့ကို တိုက်ခိုက်တုန်းက သုံးခဲ့တဲ့ လက်နက်တွေထားရာ နေရာလည်း ပါဝင်တယ်လို့ ပင်တဂွန်က ပြောခဲ့ပါတယ်။  အီရတ်လုံခြုံရေး တပ်ဖွဲ့ဝင်တွေအပေါ် အမေရိကန်ရဲ့ ရန်စလုပ်ရပ်ကို ပြစ်တင်ရှုတ်ချတယ်လို့ သေဆုံးသူတွေရဲ့ ဈာပနပွဲကို လိုက်ပို့သူတဦးက ပြောခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံသားတွေ အီရန်နိုင်ငံကနေ ထွက်သွားဖို့ ပြောပါတယ်။  အမေရိကန်တွေဟာ ကျူးကျော်သူတွေ ဖြစ်ပြီး အီရတ်ရဲ့ သားကောင်းရတနာတွေကို အမေရိကန်တွေက သတ်ပစ်တယ်လို့လည်း ဆိုပါတယ်။  အီရတ်မြေပေါ်မှာ ဖြစ်နေတဲ့ အမေရိကန်နဲ့ အီရန်တို့ရဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေဟာ အီရတ်မှာ အမေရိကန်စစ်တပ် ရှိနေတာကို မလိုလားတဲ့ ဒေသခံတွေနဲ့ အမေရိကန်စစ်တပ် ရှိနေတာ ဟာ အိုင်အက်စ်တွေ ခေါင်းပြန်ထောင်မလာဖို့ အရေးပါတယ်ဆိုပြီး ထောက်ခံသူတွေအကြား တင်းမာမှုတွေကို ပိုမိုတိုးပွားလာစေပါတယ်။
1 year Ago
More News
Up