တရုတ်နိုင်ငံ မြို့တော် ပေကျင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ထပ်မံတွေ့ရှိရပြီး ကူးစက်မှု မြင့်တက်လာတာကြောင့် ဒီကနေ့မှာတော့ လေကြောင်းခရီးစဉ် ၁,၂၀၀ ကျော် ဖျက်သိမ်းပစ်ခဲ့ရပြီး စာသင်ကျောင်းတွေကိုလည်း ပြန်ပိတ်ထားခဲ့ရပါတယ်။
လက်ကားအစားအစာဈေးတခုကနေ တကျော့ပြန် ရောဂါကူးစက်ပျံ့နှံ့မှုဟာ တရက်အတွင်း လူပေါင်း ၃၁ ယောက်ကို ကူးစက်မှုအသစ်အနေနဲ့ တွေ့ရှိခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အာဏာပိုင်တွေကတော့ ဒုတိယမြောက်လှိုင်းအနေနဲ့ ရောဂါကူးစက်ပြန့်ပွားမှုအတွက် စိုးရိမ်နေကြတဲ့ ဒေသတွင်း နေထိုင်သူတွေကို ပေကျင်းကနေ ထွက်မသွားကြဖို့ နှိုးဆော်ထားပြီး ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်သွားမယ်လို့ ဆိုပါတယ်။
ဇင်ဖာဒီ လက်ကားအစားအစာဈေးကတဆင့် ရောဂါကူးစက်ခံရသူတွေကိုတော့ သက်ဆိုင်ရာ နေအိမ်တွေမှာ Lockdown ချထားခဲ့ပြီး စောင့်ကြပ်ကြည့်ရှုနေပါတယ်။
လတ်တလောမှာတော့ ပေကျင်းမြို့တော်ရဲ့ အဓိကလေဆိပ်တွေက လေကြောင်းခရီးစဉ် အနည်းဆုံး ၁,၂၅၅ ခု (ပေကျင်းမှ အဝင်အထွက် ခရီးစဉ် ၇၀ ရာခိုင်နှုန်း)ကို ဒီကနေ့မနက်ပိုင်းမှ စတင်ကာ ဖျက်သိမ်းလိုက်တယ်လို့ တရုတ်အစိုးရ ပြည်သူ့နေ့စဉ်သတင်းမှာ ဖော်ပြပါတယ်။
တချိန်တည်းမှာပဲ ပြန်လည်ဖွင့်လှစ်နေတဲ့ စာသင်ကျောင်းတွေကိုလည်း ပိတ်လိုက်ပြီး အွန်လိုင်းစာသင်ခန်းတွေအနေနဲ့ ထပ်မံသင်ကြားဖို့ ညွှန်ကြားလိုက်တာပါ။
“မြို့တော်အတွင်း ကပ်ရောဂါအခြေအနေက တော်တော်ကို ပြင်းထန်ပါတယ်”လို့ ပေကျင်းမြို့တော် အစိုးရပြောရေးဆိုခွင့်ရှိသူ ရှူဟကျန်းက ပြောပါတယ်။
မြို့တော်အတွင်း ပြီးခဲ့တဲ့ ၆ ရက်တာအတွင်း ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၃၇ ယောက်ထိ ရှိလာပြီး အာဏာပိုင်တွေဟာ အစားအသောက်နဲ့ အဖျော်ယမကာ လုပ်ငန်းတွေ ရောင်းဝယ်ဖောက်ကားမှုပြုရာ ဈေး ၁၁ ခုကိုလည်း ပိတ်ထားခဲ့ပြီး ဖြစ်ပါတယ်။
ဇင်ဖာဒီဈေးဟာ ပေကျင်းမြို့တော်ရဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက် ၇၀ ရာခိုင်နှုန်းကို ထောက်ပံ့နေတဲ့ ဈေးတခုဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ကတည်းက အခုအချိန်ထိ ဈေးကို လာရောက်လည်ပတ်ကြသူဦးရေ ၂ သိန်းကျော် ရှိနေခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
လတ်တလောမှာတော့ အလုပ်သမား ၈,၀၀၀ ကျော်ကိုလည်း ရောဂါစမ်းသပ်စစ်ဆေးမှု ပြုလုပ်ထားပြီး သီးခြား အသွားအလာကန့်သတ် စောင့်ကြည့်ထားပါတယ်။
9 months Ago