လူ ၉ ယောက်၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ တွေ့ရှိမှုဖြင့် အမျိုးသားတဦးကို ဖမ်းဆီး

October 31, 2017

လူ ၉ ယောက်၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ တွေ့ရှိမှုဖြင့် အမျိုးသားတဦးကို ဖမ်းဆီး

ဂျပန်နိုင်ငံမှာ နေအိမ်တိုက်ခန်းတခုအတွင်း လူ ၉ ယောက်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ ဦးခေါင်းပြတ်တွေကို တွေ့ရှိခဲ့တဲ့အတွက် အသက် ၂၇ နှစ်အရွယ် အမျိုးသားတဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ တိုကျိုမြို့အပြင်ဘက် ကာနာဂဝါစီရင်စုနယ်မြေ၊ ဇာမာမြို့မှာ ဖြစ်ခဲ့တာလို့ ဂျပန်တိုင်းမ် သတင်းတပုဒ်မှာ ဒီကနေ့ဖော်ပြပါတယ်။ ရဲတွေဟာ တိုကျိုမြို့အနောက်ပိုင်း ဟက်ချီယိုဂျီဒေသတွင်းမှ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတဦး ပျောက်ဆုံးနေတာကို ခြေရာခံလိုက်ခဲ့ရာကနေ ကွင်းဆက်အဖြစ် ခုလို ပေါ်ပေါက်လာခဲ့တာပါ။ အဲဒီအမျိုးသမီးဟာ အင်တာနက်ပေါ်မှာ သူ့ကိုယ်သူ သေကြောင်းကြံဖို့ စာရေးခဲ့ပြီးနောက် အဲဒီအမျိုးသားနဲ့ တွေ့ခဲ့ပုံရတယ်လို့ ရဲတွေက ဆိုပါတယ်။ တရားခံအမျိုးသားက “ကျနော်သတ်ခဲ့တဲ့လူတွေကို သက်သေဖျောက်ဖို့ ခုလို အလောင်းတွေကို ဖုံးထားခဲ့တာဟာ အမှန်ပါပဲ” လို့ ရဲတွေကို ဖြောင့်ချက်ပေးခဲ့တာပါ။ အခန်းတွင်းတွေ့ရတဲ့ အလောင်းတွေထဲက တခုဟာ ပျောက်ဆုံးခဲ့တဲ့ အမျိုးသမီးရဲ့ အလောင်း ဖြစ်နိုင်တယ်လို့ ရဲတွေက ယုံကြည်နေကြပါတယ်။ တရားခံအမျိုးသားရဲ့ အခန်းတွင်းမှာ လူသေအလောင်းတွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အအေးခန်းသေတ္တာတွေနဲ့ သိုလှောင်ထားခဲ့တာဖြစ်ပြီး အဲဒီအစိတ်အပိုင်းတွေထဲမှာ လူဦးခေါင်း ၂ ခုလည်း ပါဝင်တယ်လို့ ရဲတွေက ပြောပါတယ်။ ပျောက်ဆုံးခဲ့တဲ့ အမျိုးသမီးကိုတော့ တရားခံအမျိုးသားနဲ့ လမ်းလျှောက်သွားနေခဲ့တာကို လုံခြုံရေးကင်မရာမှတဆင့် ဖမ်းယူရရှိခဲ့ပြီးနောက်မှာ ရဲတွေက ခြေရာခံလိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အမျိုးသမီးဟာ အောက်တိုဘာ ၂၄ ရက်နေ့က ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး သူ့ရဲ့အစ်ကိုဖြစ်သူက ရဲတွေကို တိုင်ကြားခဲ့တာပါ။ အဲဒီတိုက်ခန်းနဲ့ တထပ်တည်းမှာ နေထိုင်သူ အမျိုးသားတဦးကတော့ အဲဒီအခန်းရှေ့က ဖြတ်သွားတိုင်း ထူးဆန်းတဲ့အနံ့ ရနေခဲ့တာလို့ ပြောပါတယ်။ “ကျနော်က ဒီအနံ့ဟာ မိလ္လာအညစ်အကြေးနံ့လို့ ထင်နေခဲ့တာ။ ဒီလိုမျိုး ကျနော် တခါမှ မရခဲ့ဖူးဘူး” လို့ သူက ဆိုပါတယ်။ ဒါပေမယ့် အဲဒီအခန်းထဲက ထူးခြားတဲ့ ဘယ်လိုအသံမျိုးမှ မကြားခဲ့ဖူးဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ ရဲတွေဟာ ဒီအမှုနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ အချက်အလက်တွေကို စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
4 years Ago
Up