လူ ၉၀ ထက်မနည်း သေဆုံး

A d v e r t i s e m e n t With Us

December 29, 2019

ဆိုမာလီတွင် ကုန်ကားတစီး ဗုံးပေါက်ကွဲ၊ လူ ၉၀ ထက်မနည်း သေဆုံး

ဆိုမာလီနိုင်ငံရဲ့ မြို့တော် မိုဂါဒစ်ရှူးက လူစည်ကားတဲ့ စစ်ဆေးရေးစခန်းမှာ ဗုံးထောင်ထားတဲ့ ကုန်ကားတစီး  ဒီဇင်ဘာ ၂၈ ရက်မှာ ပေါက်ကွဲလို့ သေဆုံးသူ ဦးရေဟာ အယောက် ၉၀ ထက်မနည်း ရှိသွားပြီလို့ ဆိုမာလီနိုင်ငံအတွက် အလုပ်လုပ်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတရပ်က ပြောပါတယ်။ ဒါဟာ နှစ်နှစ်အတွင်း လူအသေအပျောက် အများဆုံး တိုက်ခိုက်မှုလို့လည်း ပြောပါတယ်။ သေဆုံးသူတွေထဲမှာ တူရကီနိုင်ငံသား ၂ ယောက်နဲ့ ကျောင်းသူ ကျောင်းသား အများအပြား ပါတယ်။ လူတွေ ဒါဇင်ချီ ဒဏ်ရာရတယ်လို့ ဆိုမာလီ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ လူအသွားအလာ အထူဆုံးအချိန်မှာ ပေါက်ကွဲမှုဖြစ်ရာ လမ်းဆုံကနေ အလောင်း ၇၃ လောင်းကို မာဒီနာဆေးရုံဆီ သယ်ပြီးပြီလို့ ဆိုမာလီ လူသားချင်းစာနာမှုရေးရာနဲ့ ကပ်ဘေး စီမံခန့်ခွဲရေး ဒုဝန်ကြီးက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ ရဲအရာရှိ ၁၇ ယောက်လည်း ပါတယ်လို့ နာမည်မဖော်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတရပ်ရဲ့ အစီရင်ခံစာက ဆိုပါတယ်။ ဆိုမာလီ လွှတ်တော်အမတ်တဦးကလည်း သေဆုံးသူ အယောက် ၉၀ ကျော်တယ်လို့ ကြားထားကြောင်း တွစ်တာလူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။ ဒီဖောက်ခွဲမှုကို ဘယ်သူ လုပ်တယ်ဆိုတာ တရားဝင် တာဝန်ခံမှု မရှိသေးပါဘူး။ မိုဂါဒစ်ရှူး မြို့တော်ဝန်ကတော့ အယ်လ်ကိုင်ဒါတွေနဲ့ ချိတ်ဆက်ထားတဲ့ အယ်လ်ရှာဘတ်သူပုန်တွေ လုပ်တာလို့ ပြစ်တင် ရှုတ်ချထားပါတယ်။ ဒီဖြစ်ရပ်ကြောင့်တော့ ဆိုမာလီနိုင်ငံဟာ စိတ်ဓာတ်ကျ ပြိုလဲသွားမှာ မဟုတ်ဘူးလို့ ဆိုမာလီသမ္မတ မိုဟာမဒ်အဗ်ဒူလာဟီဖှာမာဂျိုက ဒီဇင်ဘာ ၂၈ ရက်မှာ အားပေး ပြောဆိုခဲ့ပါတယ်။  
1 year Ago
Up