လူ ၈ ဦး ဒဏ်ရာရ

May 21, 2017

လော့စ်အိန်ဂျယ်လိ့စ်လေဆိပ်တွင် လေယာဉ်နှင့် ထရပ်ကားတိုက်မိ၊ လူ ၈ ဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိ့စ် အပြည်အပြည်ဆိုင်ရာလေဆိပ်မှာ လေယာဉ်တစီးနဲ့ ထရပ်ကားတစီး တိုက်မိပြီး လူ ၈ ဦး ဒဏ်ရာ ရသွားပါတယ်။ မက္ကဆီကိုစီးတီးမြို့ကနေ ခရီးသည် ၁၅၀ တင်ဆောင်ပျံသန်းလာတဲ့ အဲမက်ဆီကို ၆၄၂ လေယာဉ်ကြီး မေလ ၂၀ ရက်နေ့က လေဆိပ်မှာ ဆိုက်ဆိုက်ခြင်း ထရပ်ကားကို တိုက်မိတာဖြစ်ပြီး ထရပ်ကားပေါ်က ဝန်ထမ်း ၈ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တာပါ။ လေယာဉ်ပေါ်ကတော့ ဘယ်သူမှ ထိခိုက်မှု မရှိဘူးလို့ လေဆိပ်အာဏာပိုင်တွေက ပြောလိုက်ပါတယ်။ ဒီမတော်တဆဖြစ်မှုကြောင့် ဘိုရင်း ၇၃၇ အမျိုးအစား လေယာဉ်ကြီးရဲ့ ညာဘက်အတောင်ပံ ပျက်စီးပြီး ထရပ်ကားလည်း ဘေးကို တိမ်းမှောက်သွားခဲ့ပါတယ်။ ဒီကိစ္စကို စုံစမ်းစစ်ဆေးနေဆဲလို့ လော့စ်အိန်ဂျယ်လိ့စ် မီးသတ်ဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဘရိုင်ရန်ဟမ်းဖရီးက ပြောပါတယ်။ ထရပ်ကားပေါ်က ဒဏ်ရာ ရသူ အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ကို အနီးအနားဆေးရုံကို ပို့ဆောင်ကုသနေပြီး အသက်အန္တရာယ် ထိခိုက်လောက်အောင်တော့ မရှိကြောင်းနဲ့ လူနာအားလုံးရဲ့ အခြေအနေ ပုံမှန်ရှိတယ်လို့ လေဆိပ်အာဏာပိုင်တွေကလည်း ပြောပါတယ်။ လေယာဉ်တိုက်မှုအပြီး လေယာဉ်ပေါ်က ခရီးသည် တဦးကတော့ အနည်းငယ် နာကျင်မှုဝေဒနာ ခံစားရတယ်လို့ လေဆိပ်က ထုတ်ပြန်တဲ့စာတဲ့မှာ ဖော်ပြထားပါတယ်။ လော့စ်အိန်ဂျယ်လိ့စ်လေဆိပ်က အမေရိကန်နိုင်ငံရဲ့ ဒုတိယအစည်ကားဆုံး လေဆိပ်ဖြစ်ပြီး နှစ်စဉ် လေယာဉ် အတက်အဆင်း ကြိမ်ရေ ၇ သိန်းနီးပါး ရှိတယ်လို့ မေရာရဲ့ မေလ ၂၁ ရက်နေ့ သတင်းမှာ ရေးထားပါတယ်။
4 years Ago
Up