လူ ၇ယောက် ပျောက်

January 20, 2020

နီပေါ နှင်းတောင်ပြိုကျမှုအတွင်း ပျောက်ဆုံးနေသူများအား ကယ်ဆယ်ရေးသမားများ ရှာဖွေ

နီပေါနိုင်ငံရဲ့ အနောက်မြောက်ဘက် ဟိမဝန္တာဒေသအတွင်း တောင်တက်စခန်းမှာ နှင်းတောင်ပြိုကျမှုအတွင်း တောင်ကိုရီးယားနိုင်ငံသား တောင်တက်သမား ၄ ယောက်နဲ့ ဒေသခံလမ်းပြ ၃ ယောက် အပါအဝင် လူ ၇ယောက် ပျောက်နေလို့ ကယ်ဆယ်ရေးသမားတွေက ရှာဖွေနေပါတယ်။ တောင်တက်လမ်းမှာ နှင်းထုပြိုကျအပြီး တောင်တက်သမားတွေကို ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့တွေက ဇန်နဝါရီ ၁၈ ရက်ကစပြီး ဘေးကင်းရာ ရွှေ့ပေးနေတယ်လို့ ဒေသခံ ရဲတွေနဲ့ တောင်တက်အသင်းအရာရှိတွေက ပြောပါတယ်။ ဘေးကင်းရာရွှေ့ဖို့ စောင့်နေတဲ့ နိုင်ငံခြားနဲ့ ပြည်တွင်း တောင်တက်သမားတွေ ရှိရာ ဒူရာလီနဲ့ မချာပူချာ တောင်ခြေစခန်းတွေကြားမှာ ရဟတ်ယာဉ် ဆင်းနေပုံ ရုပ်သံတွေကို ရှာဖွေကယ်ဆယ်ရေးမှာ ကူညီနေတဲ့ ဆင်မ်ရစ်ခ် လေကြောင်းလိုင်းက မျှဝေခဲ့ပါတယ်။ နီပေါမြို့တော် ခတ္တမန္ဒူရဲ့ အနောက်မြောက်ဘက် ခန့်မှန်းခြေ ၉၃ မိုင်အကွာလောက်မှာ တောင်တက်သမား အုပ်စုအပေါ် နှင်းထုပြိုကျတာလို့ အရာရှိတွေက ပြောပါတယ်။ နှင်းရော မိုးပါ အကြီးအကျယ် ရွာကျလို့ နှင်းထုပြိုကျတာလို့ သူတို့က ပြောပါတယ်။ ရှာဖွေကယ်ဆယ်ရေးအတွက် ရဟတ်ယာဉ် ၄ စီး၊ ရဲနဲ့ လုပ်အားပေးတွေကို တာဝန် ပေးထားတယ်။ ဒါပေမဲ့ ကြမ်းတမ်းတဲ့ ရာသီဥတုကြောင့် ကယ်ဆယ်ရေး ခက်ခဲနေတယ်လို့ ခရီးသွားလုပ်ငန်း အရာရှိတွေက ပြောပါတယ်။ ဧဝရတ်တောင် အပါအဝင် ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ် ၁၄ ခုအနက် ၈ ခု ရှိရာ နီပေါနိုင်ငံမှာ တောင်တက်ရာသီ ရောက်ခါနီးမှာ ခုလို နှင်းတောင် ပြိုကျခဲ့တာ ဖြစ်ပါတယ်။
1 year Ago
Up