လူ ၆ ဦးကို သတ်စားခဲ့ပြီး လွတ်မြောက်နေသည့် ကျားကို ရွာသားများ ဝိုင်းဝန်းဖမ်းဆီး

February 13, 2017

လူ ၆ ဦးကို သတ်စားခဲ့ပြီး လွတ်မြောက်နေသည့် ကျားကို ရွာသားများ ဝိုင်းဝန်းဖမ်းဆီး (ရုပ်သံ)

အိန္ဒိယနိုင်ငံ၊ ကျားထိန်းသိမ်းကာကွယ် ဘေးမဲ့တောတခုကနေ လွတ်မြောက်နေခဲ့ပြီး လူ ၆ ဦးကို သတ်ဖြတ်စားသောက်ခဲ့တဲ့ ကျားတကောင်ကို ရွာသားတွေက ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီကျားဟာ ပီလစ်ဘ်ဟစ်တ် ကျားထိန်းသိမ်းကာကွယ်တောကနေ အချိန် ၄ လကြာ လွတ်မြောက်နေခဲ့တာဖြစ်ကာ လူတွေနေထိုင်တဲ့ ကျေးရွာတွေအနားမှာ ချောင်းမြောင်းအစာရှာနေခဲ့တာ ဖြစ်တယ်လို့ မေရာသတင်းတပုဒ်မှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ မနက်အစောပိုင်းမှာတော့ အဲဒီကျားဟာ ညဘက်ကင်းစောင့်နေတဲ့ အမျိုးသားတဦးကို ခုန်အုပ်တိုက်ခိုက်ခဲ့တဲ့အတွက် လက်တဘက်နဲ့ ခြေထောက်တဘက် ဆုံးရှုံးခဲ့ရတာပါ။ အဲဒီနောက်တော့ ရွာသားတွေဟာ ကျားခိုအောင်းနေတဲ့ ကြံခင်းဧရိယာတဝိုက်ကို ကားတွေ၊ ဆင်တွေရဲ့ အကူအညီနဲ့ တောနင်းကာ ခုတ်ထွင်ရှင်းလင်းပြီး တုတ်တွေ၊ ပုဆိန်တွေနဲ့ ထောင်ချောက်ဆင် ဖမ်းဆီးဖို့ ကြိုးစားခဲ့ရတာပါ။ တိရစ္ဆာန်ဆရာဝန်တဦးဖြစ်တဲ့ ဒေါက်တာ ဘရီဂျန်ဒရာ ယဒေက “ကျားဟာ အသက် ၂ နှစ်နဲ့ ၃ နှစ်ကြား အရွယ်လောက်ပဲ ရှိပါသေးတယ်။ သူ့ကို ပုံမှန်အမူအကျင့် ပုံသဏ္ဌာန်အတိုင်း ရှိစေဖို့ သီးခြားထားရဦးမယ်။ သူဟာ လူတွေကို တိုက်ခိုက်ခဲ့ဖူးပြီမို့ အန္တရာယ်မဖြစ်အောင် လှောင်အိမ် ၂ ထပ် ကာထားသင့်တယ်” လို့ ပြောပါတယ်။ သစ်တောဌာန တာဝန်ရှိသူတွေကတော့ ဒီကျားကို လပ်ခ်နောင်း တိရစ္ဆာန်ဥယျာဉ်ဆီ ပို့ဆောင်သွားမယ်လို့ ဆိုပါတယ်။ ကျားဟာ လွတ်မြောက်နေချိန် ကာလတွေတုန်းက ညအချိန် တဲအိမ်တွေပေါ် အိပ်ပျော်နေတဲ့ ရွာသားတွေကို အလစ်အငိုက်ဖမ်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up