လူ ၆၀ ထက်မနည်း သေဆုံး

December 11, 2016

နိုင်ဂျီးရီးယားတွင် ဘုရားကျောင်းအမိုးပြိုကျ၊ လူ ၆၀ ထက်မနည်း သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံတောင်ပိုင်းမှာ စနေနေ့က ဘုန်းတော်ကြီး သိက္ခာတင်မြောက်ပွဲအခမ်းအနားမှာ ဘုရားကျောင်းအမိုးပြိုကျပြီး လူ အနည်းဆုံး အယောက် ၆၀ သေဆုံး သွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ပြိုကျခဲ့တဲ့အမိုးအောက်မှာ လူအများအပြား ပိတ်မိနေတဲ့အတွက် ထိခိုက်သေဆုံးသူဦးရေ ဒီထက်မက များပြားတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။ သိက္ခာထပ်ပွဲအခမ်းအနားကို ပရိသတ်ရာနဲ့ချီတက်ရောက်ခဲ့ကြပြီး အက်ကွာအီဘွန် Ikwa Ibom ပြည်နယ် အုပ်ချုပ်ရေးမှူးလည်း ပါဝင်ခဲ့ပါတယ်။ သူကတော့ အထိအခိုက်မရှိလွတ်မြောက်ခဲ့ပါတယ်။ ဒီပြိုကျခဲ့တဲ့ ဘုရားကျောင်းဟာ ဆောက်လုပ်နေဆဲ ဘုရားကျောင်းတခု ဖြစ်ပြီး ဒီ သိက္ခာတင်ပွဲအခမ်းအနားအတွက် အမြန်ပြီးအောင် အလောတကြီး တည်ဆောက်ခဲ့တယ်လို့ မျက်မြင်တွေကပြောဆိုပါတယ်။ ဒါကြောင့် ဒီဘုရားကျောင်းရဲ့ ဘေးကင်းမှုအဆင့်အတန်း စုံစမ်းစစ်ဆေးပြီး အရေးယူမယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးကပြောဆိုပါတယ်။ နိုင်ဂျီးရီးယားသမ္မတ မိုဟန်မဒူ ဘူဟာရီ  Muhammadu Buhari က အခုလို အဖြစ်ဆိုးနဲ့ ကြုံတွေ့ရတဲ့အတွက် အထူးဝမ်းနည်းကြေကွဲကြောင်းပြောဆိုပါတယ်။ သေဆုံးသူ အယောက် ၆၀ ရဲ့အလောင်းတွေ ရရှိထားပြီဖြစ်ပြီး ပြိုကျခဲ့တဲ့အမိုးကို ဖယ်ရှားပြီးရင် သေဆုံးသူဦးရေ ဒီထက်မက တိုးမြင့်လာဖွယ်ရှိတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင်တဦးက ပြောဆိုပါတယ်။
5 years Ago
Up