လူ ၅ ဦးထက်ပိုပြီး  စုဝေးနိုင်

May 28, 2020

စားသောက်ဆိုင်များအပါအဝင် လူ ၅ ဦးထက်ပိုပြီး စုဝေးနိုင်သည့် လုပ်ငန်းများ ဖြည့်စွက်ကြေညာ

စာသင်ကျောင်းတွေ၊ ကုမ္ပဏီတွေ၊ ဆွေးနွေးပွဲတွေနဲ့ စားသောက်ဆိုင်တွေအပါအဝင်  လူ ၅ ဦးဖြစ်စေ၊ လူ ၅ ဦးထက်ပိုပြီးဖြစ်စေ စုဝေးခွင့်ပြုတဲ့ ကိစ္စတွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ မေလ ၂၈ ရက်နေ့စွဲနဲ့ ထပ်မံဖြည့်စွက် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ လူ ၅ ဦးထက်ပိုပြီး စုဝေးနိုင်တဲ့ ကိစ္စရပ်တွေထဲမှာ အစိုးရဌာန၊ အဖွဲ့အစည်း၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံတွေမှာ တာဝန်ထမ်းဆောင်နေတာ၊ အခြေခံပညာကျောင်းတွေ၊ ပုဂ္ဂလိကကျောင်းတွေ၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေ ပါဝင်ပါတယ်။ ဒါ့အပြင် အစိုးရဌာန၊ အဖွဲ့အစည်း၊ ကုမ္ပဏီနဲ့ စက်ရုံ အလုပ်ရုံတွေမှာ ဆောင်ရွက်မယ့် ဆွေးနွေးပွဲတွေ၊ အစည်းအဝေးတွေနဲ့ သင်တန်းတွေကို ကျန်းမာရေးဌာနရဲ့ အကြံပြု သတ်မှတ်ချက်တွေနဲ့အညီ ဆောင်ရွက်နိုင်သလို ဒေသဆိုင်ရာ အစိုးရက ခွင့်ပြုတဲ့ ဖွင့်လှစ်ခွင့်ပြုတဲ့ စားသောက်ဆိုင်တွေမှာ စားသောက်နိုင်တယ်လို့ လည်းဆိုပါတယ်။ ခုအခါမှာ နိုင်ငံအတွင်းမှာ  ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့နည်းလာတာ၊ ပြည်ပက ပြန်လာသူတွေမှာသာ အတည်ပြုလူနာတွေ့ရတာ ၊ ပြန်လာသူတွေကို သတ်မှတ်နေရာမှာ အသွားအလာကန့်သတ်စောင့်ကြည့်မှုကို စနစ်တကျဆောင်ရွက်နေတာနဲ့ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ ပြည်သူလူထုက တက်တက်ကြွကြွဆောင်ရွက် နေတာ တွေ့ရှိရတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးလက်မှတ်နဲ့ ထုတ်ပြန်တဲ့ အမိန့်စာမှာ ဖော်ပြပါတယ်။ မေလ ၃ ရက်နေ့ကလည်း  နိုင်ငံတော်ပိုင် စက်ရုံ၊ အလုပ်ရုံနဲ့ လုပ်ငန်း၊ ရေပေးဝေရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားနဲ့ လောင်စာစွမ်းအင် ထုတ်လုပ်ပို့လွှတ် ဖြန့်ဖြူးတဲ့ လုပ်ငန်း၊ မီးသတ်လုပ်ငန်း၊ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းနဲ့ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်း၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာလုပ်ငန်း တို့ကို မရှိမဖြစ်လိုအပ်တဲ့ လုပ်ငန်းတွေအဖြစ် အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ဖြည့်စွက်ထုတ်ပြန်ခဲ့ပါတယ်။
1 year Ago
Up