လူ ၅ ယောက်ကို ဓားနဲ့ထို

December 30, 2019

နယူးယောက်တွင် လူ ၅ ဦးအား ဓားဖြင့်ထိုးပြီးထွက်ပြေးသူကို ဖမ်းမိ

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်က အိမ်တအိမ်မှာ တိုက်ခိုက်သူ တယောက်ဟာ ဒီဇင်ဘာ ၂၈ ရက်က လူ ၅ ယောက်ကို ဓားနဲ့ထိုးပြီး ထွက်ပြေးခဲ့ပေမယ့် ဖမ်းဆီးရမိပါတယ်။ ဂျူးလူမျိုးတွေကို မုန်းတီးတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အခြေအနေ တင်းမာနေတာ ရက်ပိုင်းအကြာမှာ ခုလို ဖြစ်တာပါ။ သံသယရှိသူ နယူးယောက်ပြည်နယ်သား ဂရပ်ဖ်တွန် သောမတ်စ်ဟာ မွန်ဆေးမြို့ဆီ ကားနဲ့ ထွက်ပြေးခဲ့ပြီး မန်ဟက်တန်ရပ်ကွက်မှာ အဖမ်းခံခဲ့ရပါတယ်။ သူ့ကို လူသတ်ဖို့ ကြိုးစားမှု ၅ မှုနဲ့ တရားစွဲထားပြီး အမေရိကန် ဒေါ်လာ ငါးသန်းနဲ့ အာမခံပေးဖို့ အမိန့်ချထားတယ်လို့ ရာမာပိုမြို့အုပ်က တွစ်တာလူမှုကွန်ရက်ပေါ်မှာ ရေးထားပါတယ်။ “သူဟာ ဇန်နဝါရီ ၃ ရက်မှာ တရားရုံးကို ပြန်လာပြီး တရားရင်ဆိုင်ရမှာပါ။ ဓားထိုးခံရသူ ၅ ယောက်စလုံး ဆေးရုံတင်ထားရတယ်။ နှစ်ယောက်က စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်။ တယောက်က ၆ ချက်ထက်မနည်း ဓားနဲ့ထိုးခံထားရတယ်”လို့ အော်သိုဒေါ့က်စ် ဂျူးပြည်သူ့ရေးရာကောင်စီက ပြောပါတယ်။ နိုဝင်ဘာလကလည်း မွန်ဆေးမြို့မှာ ရဟူဒီဘုရားကျောင်းကို လမ်းလျှောက်လာတဲ့ အမျိုးသားတယောက်ဟာ အကြိမ်ပေါင်းများစွာ ဓားနဲ့ထိုး တိုက်ခိုက်ခံခဲ့ရတယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။ ရော့ခ်လန်းမြို့နယ်တွင်း လူဦးရေ သုံးပုံတပုံဟာ ဂျူးလူမျိုးတွေ ဖြစ်ကြပြီး အော်သိုဒေါ့က်စ် ခရစ်ယာန်ဘာသာဝင် ဂျူးလူမျိုးတွေက သီးခြားလူ့အဖွဲ့အစည်းအဖြစ် အစုလိုက် နေကြပါတယ်။ နယူးယောက်မြို့နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ဂျူးလူမျိုးတွေကို မုန်းတီးတိုက်ခိုက်မှုတွေ ပေါ်နေချိန်မှာ တိုက်ခိုက်မှု ဖြစ်တဲ့ ပါတီပွဲကို လူဒါဇင်ချီ တက်ခဲ့ပါတယ်။
2 years Ago
Up