လူ  ၅၈ ဦး အသတ်ခံရမှု

November 23, 2019

ဖိလစ်ပိုင်တွင် ဂျာနယ်လစ်များအပါအဝင် လူ  ၅၈ ဦး အသတ်ခံရမှု ၁၀ နှစ်ပြည့်အထိမ်းအမှတ် ဆန္ဒပြ

ဖိလစ်ပိုင်တောင်ပိုင်းမှာ ဖြစ်ခဲ့တဲ့  ဂျာနယ်လစ် ၃၂ ယောက် အပါအဝင် လူ ၅၈ ယောက် အစုလိုက် သတ်ဖြတ်ခံရခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ် ဆန္ဒပြပွဲကို နိုဝင်ဘာလ ၂၃ ရက်နေ့က   တက်ကြွလှုပ်ရှားသူတွေနဲ့ မီဒီယာဝန်ထမ်းတွေ ပြုလုပ်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့က မာဂီဒါနာအိုပြည်နယ်မှာ ဒေသခံ နိုင်ငံရေးသမားတဦးနဲ့အတူ  ဂျာနယ်လစ်တွေ၊ မီဒီယာဝန်ထမ်းတွေ လိုက်ပါလာတဲ့ ယာဉ်တန်းကို လက်နက်ကိုင်တွေက ချုံခိုတိုက်ခိုက်ပြီးတော့ အလောင်းအားလုံးကို စုပြုံပြီး ကျင်းကြီးတခုထဲမှာ မြုပ်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကို ကမ္ဘာ့သွေးထွက်သံယို အများဆုံး မီဒီယာအပေါ် တိုက်ခိုက်မှုအဖြစ် ယူဆထားပါတယ်။ အဲဒီအစုလိုက် သတ်ဖြတ်မှုအတွက် သံသယဖြစ်ဖွယ် နောက်ကွယ်က ကြိုးကိုင်သူတွေကို စွဲချက်တင်ထားတဲ့ အမှုဟာလည်း အယူခံအများအပြားကြောင့်၊ သက်သေတွေ သေဆုံးတာကြောင့်နဲ့ ရုံးတော်ကို လျှောက်လွှာတွေ တရစပ် တင်သွင်းတာကြောင့် ၁၀ နှစ်တာ ကြန့်ကြာနေပါတယ်။ ဆန္ဒပြပွဲ ပါဝင်သူတဦးက အသတ်ခံရသူတွေအတွက် ၁၀ နှစ်ဆိုတဲ့အချိန်အထိ စောင့်စားရတာ၊ တရားခံတွေကို အာမခံနဲ့  သွားလာခွင့်ပြုတာဟာ မတရားဘူးလို့ သူက ပြောခဲ့ပါတယ်။ အသတ်ခံရသူတွေရဲ့ မိသားစုဝင်တွေဘက်က လိုက်လံဆောင်ရွက်ပေးတဲ့ ရှေ့နေတွေကတော့ ဒီနှစ်မကုန်ခင် တရားရုံး စီရင်ချက်ချမှတ်မယ် မျှော်လင့်ရတယ်လို့ ပြောခဲ့ပါတယ်။
2 years Ago
Up