လူ ၄ ယောက်ကို သတ်ခဲ့ပြီး ဖမ်းဆီးမိန့်ထုတ်ထားရသည့် ကျားမ ဓာတ်လိုက်သေဆုံး

October 16, 2017

လူ ၄ ယောက်ကို သတ်ခဲ့ပြီး ဖမ်းဆီးမိန့်ထုတ်ထားရသည့် ကျားမ ဓာတ်လိုက်သေဆုံး

အိန္ဒိယနိုင်ငံမှာ လူ ၄ ယောက်ကို သတ်ခဲ့ပြီး သက်ဆိုင်ရာက ဖမ်းဆီးမိန့် ထုတ်ပြန်ထားခဲ့ရတဲ့ လူသားစားကျားမတကောင်ဟာ ဖမ်းမမိခင်မှာပဲ ဓာတ်လိုက်ပြီး သေဆုံးခဲ့ပါတယ်။ အဲဒီကျားမဟာ အသက် ၂ နှစ်အရွယ်ရှိပြီး နိုင်ငံအနောက်ပိုင်း မဟာရက်ခ်ျထရာပြည်နယ်တွင်းမှ လယ်သမားတဦးရဲ့ လျှပ်စစ်ဓာတ်အားလွှတ်ထားတဲ့ ခြံစည်းရိုးအနီးမှာ ဓာတ်လိုက်သေဆုံးနေတာကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ လယ်သမားဟာ ခြံဝင်းအတွင်း တောဝက်ရိုင်းတွေ ဝင်ရောက်မလာနိုင်အောင် ခုလို လျှပ်စစ်ဓာတ်အားလွှတ် ကာရံထားခဲ့တာဖြစ်တယ်လို့ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ တိရစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကတော့ ဒီကျားသေဆုံးခဲ့ရမှုအပေါ် သစ်တောဦးစီးဌာနရဲ့ ညံ့ဖျင်းမှုအဖြစ် ဝေဖန်ပြစ်တင်နေကြတာပါ။ အဲဒီကျားမကို သက်ဆိုင်ရာက ပြီးခဲ့တဲ့ ဇူလိုင်လက လူ ၂ ဦးကို သတ်ခဲ့အပြီးမှာ နောက်ဆုံးတွေ့ခဲ့ကြတာဖြစ်ပြီး အဲဒီနောက် လူ ၂ ဦးကို ထပ်မံသတ်ခဲ့ချိန်မှာတော့ ဖမ်းဆီးမိန့် ထုတ်ပြန်ထားခဲ့ရတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ကျားကောင်ရေ စုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်း နေထိုင်ရာဒေသဖြစ်ပြီး တရားမဝင် ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ကျက်စားရာ ဂေဟစနစ် ပျောက်ဆုံးနိုင်တဲ့ ခြိမ်းခြောက်မှုတွေ ရင်ဆိုင်နေကြရတာပါ။ အခုနောက်ပိုင်းနှစ်တွေမှာလည်း အိန္ဒိယနိုင်ငံမှာ ကျားသေဆုံးမှုတွေ ပိုမိုမြင့်တက်လာနေခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ ကျားကောင်ရေ ၈၀ သေဆုံးခဲ့ကာ ဒါဟာ ပြီးခဲ့တဲ့နှစ်ကထက် ပိုများလာခဲ့တာဖြစ်တယ်လို့ သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားပါတယ်။
3 years Ago
Up