လူ ၄၀ ကျော် သေဆုံး

January 27, 2017

ကလေးမြို့တွင် ၂၀၁၆ ခုနှစ်တွင်း ယာဉ်မတော်တဆမှုကြောင့် လူ ၄၀ ကျော် သေဆုံး

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်းက ယာဉ်မတော်တဆမှုတွေကြောင့် ကလေးမြို့မှာ လူဦးရေ ၄၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး ဒဏ်ရာရသူ ၁၇၀ ကျော် ရှိခဲ့တယ်လို့ ကလေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်သိန်းက ပြောပါတယ်။ "ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးမှုတွေ ကျနော်တို့ အမြဲ ဟောပြော ပညာပေးမှုတွေ လုပ်ခဲ့တယ်။ ဒါပေမယ့် တော်တော်များများက မလိုက်နာကြဘူး။ စပ်ပလိုင်းချက် လုပ်တာလည်း ပြည်သူတွေကို နစ်နာစေချင်လို့ မဟုတ်ပါဘူး။ အန္တရာယ်ကင်းပြီး စည်းကမ်းတကျရှိစေချင်လို့ ဖြစ်ပါတယ်။ ဒီလို ယာဉ်စည်းကမ်းပညာပေးမှုတွေ လုပ်နေပေမယ့် ယာဉ်မတော်တဆမှုတွေကြောင့် အသက်ဆုံးရှုံးမှုတွေက ဖြစ်နေတယ်။" ယာဉ်မတော်တဆမှုတွေမှာ ကား၊ ဆိုင်ကယ်၊ ထော်လာဂျီယာဉ်တွေ ပါဝင်နေပြီး ဆိုင်ကယ်မတော်တဆမှုကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူ ပိုမိုများပြားခဲ့ပါတယ်။ "အဓိက ယာဉ်တိုက်မှုတွေ ဖြစ်တာက မူးပြီး ဖြစ်တာတွေ များတယ်။ မူးပြီး စည်းကမ်းမဲ့ မောင်းတာတွေက မဆိုင်တဲ့သူတွေပါ သေဆုံးခဲ့ရတယ်။ သေတဲ့အထဲမှာ လမ်းဘေးမှာ နေတဲ့ ကလေးတောင် ပါသေးတယ်။ ဒီလို ယာဉ်တိုက်မှုတွေ လျော့ကျဖို့ကတော့ မူးပြီး မမောင်းတာ အကောင်းဆုံးပဲ။ နောက်ပြီး မီးပွိုင့်တွေရဲ့စည်းကမ်းလည်း လိုက်နာဖို့ လိုတယ်" လို့ ကလေးမြို့ဒေသခံ ကိုစန်းငွေက ပြောပါတယ်။ ယာဉ်မတော်တဆမှုများအနေနဲ့ ၂၀၁၆ ခုနှစ်အတွင်း ကားမတော်တဆမှုမှာ ဒဏ်ရာရသူ ၄၅ ဦးနဲ့ သေဆုံးသူ ၁၉ ဦး၊ ဆိုင်ကယ်မတော်တဆမှု ဒဏ်ရာရသူ ၁၃၁ ဦးနဲ့ သေဆုံးသူ ၂၅ ဦး၊ ထော်လာဂျီကြောင့် ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး စုစုပေါင်း ဒဏ်ရာရသူ ၁၇၆ ဦးနဲ့ သေဆုံးသူ ၄၄ ဦးထိ ရှိခဲ့ပါတယ်။ အမျိုးသား ၁၇၆ ဦးနဲ့ အမျိုးသမီ ၂ ဦးကိုလည်း တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။ မင်းရဲစစ်နိုင်
5 years Ago

January 8, 2017

တူရကီနယ်စပ်တွင် လောင်စာဆီတင်ယာဉ်ဖြင့် ကားဗုံးခွဲ၊ လူ ၄၀ ကျော် သေဆုံး (ရုပ်သံ)

တူရကီနယ်စပ်နားက ဆီးရီးယားသူပုန်တွေ ထိန်းချုပ်တဲ့မြို့တမြို့မှာ ဇန်န၀ါရီ ၇ ရက်နေ့က လောင်စာဆီတင်ယာဉ်နဲ့ ကားဗုံးဖောက်ခွဲမှုဖြစ်ခဲ့ပြီး လူ ၄၃ ဦးထက်မနည်း သေဆုံးသွားပါတယ်။ တူရကီနယ်စပ်နဲ့ ၄ မိုင်ပဲ ကွာဝေးတဲ့ အဇက် မြို့ရဲ့တရားရုံးရှေ့မှာ ပေါက်ကွဲခဲ့တာပါ။ အဇက်မြို့ဟာ အခုနောက်ပိုင်း အိုင်အက်စ်အကြမ်းဖက်တွေ ပစ်မှတ်ထားတဲ့ မြို့တမြို့ဖြစ်လာပြီး လတ်တလော ဆီးရီးယားစစ်အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီး နောက်ပိုင်း လူသေဆုံးမှု အများဆုံး အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပါတယ်။ ရုရှားနဲ့ တူရကီနိုင်ငံတို့ ဦးဆောင်အကောင်အထည်ဖော်နေတဲ့ ဆီးရီးယားအပစ်အခတ်ရပ်စဲရေး သဘောတူညီမှုမှာ အိုင်အက်စ်အကြမ်းဖက်တပ်ဖွဲ့နဲ့ အရင်အယ်ကိုင်ဒါအကြမ်းဖက်တပ်ဖွဲ့တဖွဲ့တို့ မပါဝင်ပါဘူး။ အတည်မပြုနိုင်တဲ့သတင်းတွေအရတော့ ဒီကားဗုံးခွဲတိုက်ခိုက်မှုမှာ လူ အယောက် ၆၀ လောက်အထိ သေဆုံးပြီး လူအများအပြားလည်းဒဏ်ရာရရှိတယ်လို့ ဖော်ပြကြပါတယ်။ ဒီတိုက်ခိုက်မှုကို တာဝန်ခံကြေညာတဲ့ အဖွဲ့အစည်းတော့ မရှိသေးပါဘူး။ သေဆုံးသွားသူတွေထဲမှာ ဆီးရီးယားသူပုန် ၆ ဦးပါဝင်ပြီး ကျန်သူတွေကတော့ အရပ်သားတွေဖြစ်တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောဆိုပါတယ်။
5 years Ago
Up