လူ ၃ ဦးသေ

May 12, 2020

မကွေးတိုင်းတွင် လေပြင်းတိုက်ပြီး လူ ၃ ဦးသေ၊  နေအိမ် ၁၀၀၀ ကျော်ပျက်စီး 

မကွေးတိုင်းဒေသကြီးအတွင်း (၇) မြို့နယ်မှာ မေလ ၁၁ ရက် ညနေပိုင်းက မိုးသက်လေပြင်းကျရောက်ခဲ့လို့ လူနေအိမ်ခြေ ၁၀၀၀ ကျော်ပျက်စီးပြီး လူ ၃ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရှိခဲ့တယ်လို့  တိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကနေ သိရပါတယ်။ မကွေးတိုင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာန ညွန်ကြားရေးမှူး ဦးမြင့်စိုးက “မကွေးမြို့နယ်၊ ယင်းဆိပ်ကျေးရွာမှာ သစ်ပင်ပိပြီး နှစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရတယ်။ မြို့သစ်မြို့နယ်ထဲမှာတော့ မိုးကြိုးထိမှန်ပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်"လို့  ဒီဗွီဘီကို ပြောပါတယ်။ မိုးသက်လေပြင်းကျရောက်ခဲ့လို့ ဘာသာရေးအဆောက်အုံ ၂ ခု ပြိုကျပြီး လူ နေအိမ် ၂၀ ကျော်ပျက်စီးခဲ့သလို  တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့တဲ့နေအိမ်  ၉၈၀ ကျော်ရှိပါတယ်။ လေဘေးသင့်ပြည်သူပေါင်း  ၂၄၈၂ ဦးရှိပြီး တစ်ဦးချင်းစီကို ဆန်ရိက္ခာဖိုး ကျပ် ၂၁၀၀ နှုန်း အစိုးရကကူညီထောက်ပံ့ပါတယ်။ ပြိုကျနေအိမ်ကိုတော့ ကျပ် ၁သိန်းနှုန်းစီ ထောက်ပံ့ပြီး  အမိုးလန်နေအိမ်ကိုတော့ ပျက်စီးမှုအပေါ် မူတည်ပြီးထောက်ပံ့ပေးတယ်လို့ ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြောပါတယ်။ သေဆုံးတဲ့သူတွေအတွက်တော့ တဦးကို ကျပ် ၃ သိန်းနှုန်းစီ ထောက်ပံပေးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကိုတော့ ကျပ် ၅၀၀၀၀ ကျပ်နှုန်း ထောက်ပံပေးပါတယ်။  လေပြင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ဖို့  ပြီးခဲ့တဲ့  မတ်လကမှ အစိုးရက နွမ်းပါးနေအိမ်တွေကို ပြုပြင်ပေးတာတွေ၊ အိမ်မိုးတဲ့အခါလည်း ကြက်နင်းတွေထည့်ဖို့နဲ့ အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ထားတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနကနေ သိရပါတယ်။ သတင်း-မင်းထီး
11 months Ago
Up