လူ ၃၀ ဦးထက်ပို၍ စုဝေးခွင့်မပြု

August 13, 2020

လူ ၃၀ ဦးထက်ပို၍ စုဝေးခွင့်မပြုကြောင်း ကျန်းမာရေးဌာန ပြင်ဆင်ထုတ်ပြန်

မြန်မာပြည်တွင်းမှာ ကိုဗစ်-၁၉ ရောဂါ လက်ရှိဖြစ်ပွားမှု အခြေအနေအရ ဩဂုတ်လ ၁၆ ရက်ကစပြီး လူ ၁၅ ဦးအစား လူ ၃၀ ဦးဖြစ်စေ ၃၀ ဦးထက်ပို၍ဖြစ်စေ စုဝေးခွင့်မပြုဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဩဂုတ် ၁၂ ရက်နေ့စွဲနဲ့ ပြင်ဆင်ထုတ်ပြန်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေနဲ့ စပ်လျဉ်းပြီး ဧပြီလ ၁၆ ရက်က စပြီး လူ ၅ ဦးဖြစ်စေ လူ ၅ ဦးထက်ပို၍ ဖြစ်စေ စုဝေးခွင့်မပြုဘူးလို့ စတင်ကြေညာခဲ့တာပါ။   ဒီကြေညာချက်ကို ဇူလိုင် ၂၉  ရက်နေ့မှာ လူ ၁၅ ဦးဖြစ်စေ လူ ၁၅ ဦးထက်ပို၍ ဖြစ်စေ စုဝေးခွင့်မပြုဘူးလို့ ပြင်ဆင်ကြေညာခဲ့ပြီး ဩဂုတ် ၁၂ ရက်မှာတော့ လူ ၃၀ ထက် ပိုပြီး စုဝေးခွင့်မပြုဘူးဆိုပြီး  ထပ်မံပြင်ဆင်ကြေညာလိုက်တာပါ။  ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ အမိန့်တွေ၊ ညွှန်ကြားချက်တွေကို လိုက်နာကြဖို့ နဲ့ လိုက်နာဖို့  ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေအရ အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာ ဩဂုတ် ၁၃ ရက်မနက် ၈ နာရီအထိ ကိုဗစ်-၁၉  ရောဂါဓာတ်ခွဲ အတည်ပြုလူနာပေါင်း  ၃၆၁ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၃၁၈ဦး၊ ရောဂါပျောက်ကင်းလို့ ဆေးရုံက ဆင်းခွင့်ပြုခဲ့သူ  ၃၁၀ ဦးရှိပြီး  စောင့်ကြည့်လူနာအသစ် ၁၆ ဦးရှိပါတယ်။
3 years Ago
Up