လူ ၃၀၀ ခန့် သေဆုံးခဲ့သည့် နစ်မြုပ်တောင်ကိုရီးယားသင်္ဘောကြီးကို ဆယ်ယူ (ရုပ်သံ)

March 27, 2017

လူ ၃၀၀ ခန့် သေဆုံးခဲ့သည့် နစ်မြုပ်တောင်ကိုရီးယားသင်္ဘောကြီးကို ဆယ်ယူ (ရုပ်သံ)

၂၀၁၄ ခုနှစ်က တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်းမှာ နစ်မြုပ်ခဲ့တဲ့ သင်္ဘောကြီးကို သယ်ဆောင်ရေးသင်္ဘောပေါ် အောင်အောင်မြင်မြင် တင်ဆောင်နိုင်ခဲ့ပြီဖြစ်ပြီး အခုတပတ်ထဲမှာ အနီးဆုံးဆိပ်ကမ်းကို သယ်ဆောင်သွားမယ်လို့ သင်္ဘောဆယ်ယူရေးအရာရှိတွေကပြောဆိုပါတယ်။ ဒီသင်္ဘောကြီးကို နစ်မြုပ်ပြီး ၃ နှစ်နီးပါးအကြာမှာ အခုလို ပြန်လည်ဆယ်ယူကြတာပါ။ ၂၀၁၄ ခုနှစ် ဧပြီလမှာ သင်္ဘောနစ်မြုပ်ခဲ့တုန်းက လူ အနည်းဆုံး ၂၉၅ ဦးသေဆုံးခဲ့ပြီး ၉ ဦး ပျောက်ဆုံးခဲ့တာမှာ အများစုဟာ လေ့လာရေးခရီးထွက်လာတဲ့ ကျောင်းသူကျောင်းသားတွေဖြစ်ကြပါတယ်။ သင်္ဘောထဲက ရေတွေကို ဖောက်ချပြီး အစောဆုံး အခုတပတ်ထဲမှာ ကီလိုမီတာ ၉၀ လောက်အကွာက Mokpo ဆိပ်ကမ်းကို သယ်ဆောင်သွားကြမှာပါ။ အဲ့ဒီဆိပ်ကမ်းမှာ လက်ရှိအချိန်အထိ ပျောက်ဆုံးနေသူတွေကို ရှာဖွေကြမှာဖြစ်ပြီး သင်္ဘောနစ်မြုပ်ရခြင်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးကြမှာ ဖြစ်ပါတယ်။ သင်္ဘောနစ်မြုပ်မှုအတွင်း သေဆုံးသွားကြတဲ့ ကျောင်းသားကျောင်းသားတွေရဲ့ မိသားစုဝင်တွေဟာ ဒီ သင်္ဘောဆယ်ယူမှုလုပ်ငန်းတွေကို ပြန်လည်လာရောက်ကြည့်ရှုခဲ့ကြပြီး ပျောက်ဆုံးနေတဲ့ ကလေးတွေအရေးကို အစိုးရအနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားရှာဖွေပေးစေချင်တယ်လို့ မိသားစုဝင်တွေက ပြောဆိုပါတယ်။
5 years Ago
Up