လူ ၂ ဦးအား အိုင်အက်စ်ကွပ်မျက်မည့် အစီအစဉ်ကို ဒရုန်းယာဉ်ဖြင့် ဒုံးကျည်ပစ်လွှတ် ရပ်တန့်

May 17, 2017

လူ ၂ ဦးအား အိုင်အက်စ်ကွပ်မျက်မည့် အစီအစဉ်ကို ဒရုန်းယာဉ်ဖြင့် ဒုံးကျည်ပစ်လွှတ် ရပ်တန့် (ရုပ်သံ)

ဆီးရီးယားနိုင်ငံ အရှေ့ဘက်မှာ အိုင်အက်စ်အဖွဲ့က လူ ၂ ဦးအား ကွပ်မျက်မယ့်အစီအစဉ်ကို အာအေအက်ဖ်ဒရုန်းယာဉ်မှ ဒုံးကျည်ပစ်လွှတ်လိုက်ပြီး ရပ်တန့်နိုင်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက မေလ ၁၆ ရက်နေ့မှာ ထုတ်ဖော်ပြောလိုက်ပါတယ်။ နိုင်ငံရဲ့အရှေ့ဘက် အဘူကမယ်လ်မြို့မှာ သွေးဆာနေတဲ့ အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်အဖွဲ့က “အရပ်သားလူအုပ်ကြီး” စုဆောင်းခေါ်ဆောင်လာတာကို သေမင်းတမန် ဒရုန်းယာဉ်က တွေ့ခဲ့တာပါ။ လူအုပ်ကြီးရဲ့အရှေ့မှာ သံခြေကျင်းတွေ ဝတ်ဆင်ထားတဲ့ အကျဉ်းသား ၂ ဦးကို ဗင်ကားပေါ်က ချလိုက်ပြီး လူထုရှေ့ ကွပ်မျက်ဖို့ အဆင့်သင်ပြင်ထားတာပါ။ ဒီထိတ်လန့်စရာမြင်ကွင်းကို မျက်မြင်တွေ့ဖို့ ဘေးကရှိနေသူ အရပ်သားတွေကိုလည်း အတင်းအဓမ္မ နေခိုင်းထားပါတယ်။ ဆီးရီးယားနဲ့ အီရတ်မှာရှိတဲ့ အိုင်အက်စ်တွေကို တိုက်ခိုက်ဖို့ အစိုးရရဲ့ ပုံမှန်လုပ်ဆောင်နေကျ နောက်ယောင်ခံ စီမံကိန်းကနေ ဒီလို ရှောင်တခင်ဝင်တိုက်ခိုက်မှု လုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။ “ချက်ချင်းပစ်လွှတ်လိုက်တဲ့ ဒုံးကျည်က အစောင့်တဦးကို သတ်လိုက်နိုင်ရုံမကဘူး၊ အိုင်အက်စ်တွေရဲ့ ကွပ်မျက်မယ့်အစီစဉ်ကိုပါ ချက်ချင်းရပ်နိုင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ အိုင်အက်စ်တွေလည်း အဲ့ဒီနေရာက ထွက်ပြေးကုန်တယ်၊ လူအုပ်ကြီးကလည်း ပြန့်ကျဲထွက်ပြေးကြတယ်” လို့ ဆီးရီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ “အဲ့ဒီနေရာမှာက အပြစ်မဲ့အရပ်သားတွေ အများကြီးရှိတာဆိုတော့ သတ်မယ့်အိုင်အက်စ်တွေဆီတော့ ဒုံးကျည်ကို တိုက်ရိုက်ပစ်လို့မရဘူး” လို့ ထုတ်ပြန်ချက်ထဲမှာလည်း ဖြည့်ပြောထားပါတယ်။ ဒီဒုံးကျည်ပစ်လွှတ်ပြီး သတ်ဖြတ်မယ့်ကိစ္စကို ရပ်တန့်နိုင်တာက မေ ၁၆ ရက်နေ့က ဖြစ်ခဲ့တာလို့ သိရပါတယ်။
4 years Ago
Up