လူ ၂၇ ဦး ငွေလိမ်ခံရ

A d v e r t i s e m e n t With Us

June 15, 2020

မယ်ဆိုင်ကျောက်လိုဏ်ဂူအတွင်း အလုပ်ရရှိရန် လူ ၂၇ ဦး ငွေလိမ်ခံရ

ထိုင်းနိုင်ငံ မယ်ဆိုင်ကျောက်လိုဏ်ဂူဧရိယာတွင်း အလုပ်ရမယ်ဆိုပြီး လူ ၁ ဦး ဘတ် ၄ သောင်းမှ ၁ သိန်းထိ စုစုပေါင်း လူ ၂၇ ဦး ငွေလိမ်ခံခဲ့ရတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့ရှိ ထိုင်းအမျိုးသား သဘာဝသစ်တောဥယျာဉ်ထဲက ဒွိုင်နန်းနွန်း ကျောက်လိုဏ်ဂူဟာ လွန်ခဲ့တဲ့ ၂ နှစ်က တောဝက်အကယ်ဒမီဘော်လုံးအသင်း ကျောင်းသားလူငယ် ၁၃ ယောက် ပျောက်ဆုံး/ ပြန်တွေ့ပြီးတဲ့နောက် လူသိများတဲ့ အထင်ကရနေရာတခု ဖြစ်လာခဲ့ပါတယ်။  ထိုင်းအစိုးရကလည်း အဆိုပါနေရာကို လည်ပတ်ချင်စရာ ပြင်ဆင်မွှမ်းမံခဲ့တာကြောင့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေနဲ့ စည်ကားလာပြီး အဲဒီထဲမှာ အလုပ်လုပ်ဖို့ စိတ်ဝင်စားသူတွေလည်း များပြားနေပါတယ်။  အဲဒါကို အခွင့်ကောင်းယူပြီး အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်လိုသူတွေကို လိမ်လည်လှည့်ဖျား ငွေတောင်းမှုတွေလည်း ရှိနေကြောင်း မယ်ဆိုင်နယူးစ် နဲ့ MCOT ထိုင်းသတင်း ဌာနတွေမှာ ဖော်ပြပါတယ်။   သူ့ကိုယ်သူ အမျိုးသားသဘာဝသစ်တောဥယျာဉ်က ဝန်ထမ်းလို့ဆိုတဲ့ နန်းဆောင်ရိထိုင်းဝမ်း  ခေါ် ကျေးနုတ် ဆိုသူ အမျိုးသမီးတဦးဟာ လိုဏ်ဂူနဲ့ဥယျာဉ်ထဲ တာဝန်ထမ်းဆောင်ဖို့ ဝန်ထမ်း တွေလိုအပ်နေကြောင်း၊ ဒီအစီအစဉ်ဟာ ထိုင်းဝန်ကြီးချုပ်ရဲ့ အထူးစီမံကိန်းကဖြစ်ပြီး သေချာပေါက် အလုပ်ရလိုက သူမစီစဉ်ပေးနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။  သူမကတဆင့် လွှတ်ထားတဲ့ ပွဲစားတွေကလည်း ချင်းရိုင်ခရိုင် မယ်ဆိုင်၊ မယ်ဖာ့လုန်၊ ထိန်း၊ ကျိန်းခေါင် စတဲ့မြို့နယ်ထဲမှာ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက သွားရောက်စည်းရုံးခဲ့တာကြောင့် လူပေါင်း ၂၇ ဦးဟာ တဦးလျင် အနည်းဆုံးငွေ  ၄၁၂၀၀ ဘတ်မှ ၁ သိန်းထိ ဘဏ်ကနေ ငွေလွှဲပေးခဲ့ကြတယ်လို့ ဆိုပါတယ်။  ငွေလွှဲသူတွေဟာ အချိန်ကြာလာသည်ထိ သက်ဆိုင်ရာက ဆက်သွယ်အကြောင်းကြားမှု တစုံ တရာကိုမရတဲ့အပြင် အဆိုပါဝန်ထမ်းအမျိုးသမီးကိုလည်း ဆက်သွယ်လို့မရတော့ကြောင်း၊ သူတို့ လိုခံရတဲ့ နောက်ထပ်တခြားသူတွေလည်း ရှိသေးတာကြောင့် အလိမ်ခံရသူတွေ စုပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့က ချင်းရိုင်းခရိုင်ရဲစခန်းကို သွားရောက်အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။  အလိမ်ခံရသူဦးရေမှာ မယ်ဆိုင်သတင်းမှာ ၂၇ ဦးလို့ဖော်ပြပြီး MCOT သတင်းမှာတော့ ၃၀ ကျော်လို့ ဖော်ပြပါတယ်။  သူတို့ ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့မှာ ချင်းရိုင်းခရိုင် ပြည်သူ့တရားရေးဌာနကို နောက်ထပ်လာရောက် တိုင်တန်းထားကြတယ်လို့ ဆိုပါတယ်။ ဒီမတိုင်ခင် ပြီးခဲ့တဲ့ မေလကလည်း အမျိုးသားဥယျာဉ်ထဲအလုပ်ရမယ်ဆိုပြီး ငွေတွေလိုက်လံ လိမ်လည်တောင်းဆိုနေတဲ့ဂိုဏ်းကို သတိထားကြဖို့ မယ်ဆိုင်ထိုင်းအမျိုးသားသဘာဝသစ်တော ဥယျာဉ်တာဝန်ရှိသူတွေက သတိပေးစာထုတ်ပြန်ထားပါတယ်။ 
9 months Ago
Up